တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ပျဉ်းမနားမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် တောင်ငူမြို့နယ်တို့ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၂၀ ရက်
ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များနိုင်ငံတော်၏သမိုင်းနှင့် တပ်မတော် ၏ သမိုင်းကြောင်းများ ကိုသိရှိပြီး အသိပညာဗဟုသုတများစွာရရှိစေရန်၊ လူငယ်များ အား မျိုးချစ်စိတ်ဓာတ်များရှင်သန်ထက်မြက်လာစေပြီး နိုင်ငံချစ်စိတ်နှင့် တိုင်းပြည် ချစ်စိတ်များတိုးတက် ဖြစ်ထွန်းလာစေရန်၊ ကျောင်းသင်ရိုးညွှန်းတမ်းပါသင်ခန်းစာ များကို အထောက်အကူပြုစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက် လေ့လာ နိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ် မြေ(နေပြည်တော်)၊ ပျဉ်းမနားမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (သကြား စက်)၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဈေးကုန်း)၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ (ဝဲကြီး) (အရှေ့)၊D. သာလွန် ကိုယ်ပိုင်ကျောင်းနှင့် မြင့်မိုရ်ဟိန်း ကိုယ်ပိုင် ကျောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ အောင်မြေကိုယ်ပိုင်ကျောင်း၊ FEC ကိုယ်ပိုင်ကျောင်း၊ Master Genius ကိုယ်ပိုင်ကျောင်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ အခြေခံပညာမူလ တန်းကျောင်း(မူလွန်)(ဒိုးနွယ်)၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(ဆယ်စု)၊ OIAC ကိုယ်ပိုင်ကျောင်း၊ တပ်ကုန်းမြို့နယ်ရှိ အခြေခံ ပညာအလယ်တန်းကျောင်း(အင်ပင်)နှင့် တောင်ငူမြို့နယ်ရှိ မဟာကိုယ်ပိုင်ကျောင်း တို့မှ ကျောင်းသား၊ ကျောင်းသူများသည် ဆရာ၊ ဆရာမ များနှင့်အတူ တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ သွားရောက် လေ့လာ ကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး ပြင်ပပြကွက်တွင် ခင်းကျင်းပြသ ထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ် များ၊ စစ်ရေယာဉ်ပုံစံတူများနှင့် စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။ ထို့နောက် တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။
ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများအတွက် မုန့်များကို ပေးဝေကြသည်။ ယင်းနောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက် အတွင်းရှိ တပ်မတော်(ရေ)၊ တပ်မတော်(လေ)နှင့် လက်ရုံးတပ်ဖွဲ့များ၏ ကဏ္ဍအလိုက် ပြခန်း၊ပြကွက်များ ပြသထားမှုတို့ကို ရှင်းလင်းပြသရာ ကျောင်းသား/ကျောင်းသူ များနှင့် ဆရာ/ဆရာမများက ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စား စွာ လှည့်လည်ကြည့်ရှု လေ့လာ၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ပြခန်းတာဝန် ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးသည်။ ထို့နောက် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်ကာ မေးခွန်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများ ပေးအပ်ချီးမြှင့်ကြြပီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ ထိုကဲ့သို့ လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
ကျွန်မတို့က ကျွန်မတို့ ကလေးတွေကို လာရောက်လေ့လာခွင့်ပေးတဲ့ အတွက်ကြောင့်မို့လို့ အများကြီးလည်း ဂုဏ်ယူမိပါတယ်ရှင်။ ဒီလို လေ့လာရတဲ့ အတွက်ကြောင့်မို့လို့ ကလေးတွေက စာတွေ့ထက် လက်တွေ့ကို ပိုမိုသိရတဲ့ အတွက်ကြောင့်မို့လို့ သူတို့ရဲ့ ဘဝမှာ ပိုပြီးတော့ အကျယ်တဝင့် သိရှိရတယ်။ အဲ့ဒါကြောင့်မို့ ကျွန်မအနေနဲ့ အလွန်အင်မတန်မှ ဝမ်းသာဂုဏ်ယူမိပါတယ်ရှင်။ နောက်တစ်ခါ နောက်နောင်လည်း ဒီလို ကလေးတွေရဲ့ ပညာရေးကို အထောက်အကူပြုတဲ့ အတွက်ကြောင့်မို့လို့ စစ်သမိုင်းပြတိုက်ကို လာရောက်ထပ်ပြီးတော့ လည်ပတ်နိုင်ရမယ်ဆိုရင်လည်း အလွန်အင်မတန်မှလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလို ကလေးတွေကို အတွေ့အကြုံတွေ အများကြီး ရအောင် ပို့ဆောင်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေ နောက်တစ်ခါ ပို့ဆောင်ပေးတဲ့ တာဝန်ရှိ လူကြီးမင်းများကိုလည်း ကျွန်မအနေနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်ရှင့် ဟုပြာသည်။
သမီးတို့ ပထမဦးဆုံးအနေနဲ့ ကြည်းတပ်မတော်ပြခန်းမှာဆိုရင် သမီးတို့ ပထမဦးဆုံး ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ အနော်ရထာ ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ ဘုရင့်နောင်နဲ့ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးတို့ရဲ့ ရုပ်တုတွေကို ထင်ထင်ရှားရှား လေ့လာခွင့် ရရှိခဲ့ပါတယ် ရေတပ်မတော်ပြခန်းမှာဆိုရင်တော့ သူတို့ ရှေးခေတ်ကနေပြီးတော့ ခုခေတ်ထိ အသုံးပြုနေတဲ့ သင်္ဘောတွေ သင်္ဘောမှာ တပ်ဆင်ထားတဲ့ ဒုံးကြီးတွေ ပြီးတော့ ကိုယ်ပိုင် ဒီဇိုင်းဆွဲထားတဲ့ သင်္ဘောတွေကိုလည်း သမီးတို့ လေ့လာခွင့် ရရှိခဲ့ပါတယ်ရှင်။ လေတပ်မတော်ပြခန်းမှာဆိုရင် တော့ သမီးတို့တွေအနေနဲ့ တိုက်ခိုက်တဲ့ နေရာမှာ အသုံးပြုခဲ့တဲ့ လေယာဉ်တွေ ရှေးခေတ်ကရော ယခုခေတ်ကရော အသုံးပြုခဲ့တဲ့ တိုက်လေယာဉ်တွေ ပြီးတော့ လေ့ကျင့်ရေးအနေနဲ့ တွဲဖက်အသုံးပြုတဲ့ လေယာဉ်ကြီးတွေ ပြီးတော့ အဲ့ဒီ တိုက်လေယာဉ်တွေမှာ အသုံးပြုခဲ့တဲ့ ဒုံးကျည်တွေကိုလည်း လေ့လာသိရှိခွင့် ရတဲ့အပြင် ပြီးတော့ သမီးတို့ ဒီ တပ်မတော်ပြခန်းရဲ့ အပြင်ဘက်မှာဆိုရင် သမီးတို့ လေယာဉ်တွေ အစုံ လေ့လာခဲ့ရတယ်။ တိုက်လေယာဉ်တွေရော သယ်ယူပို့ဆောင်ရေး လေယာဉ်တွေရော ဂျက်လေယာဉ်တွေ ရဟတ်ယာဉ်တွေကိုလည်း လေ့လာခွင့် ရရှိခဲ့ပါတယ်။ သမီးတို့ အခု ဒီ စစ်သမိုင်းပြတိုက်ကို လေ့လာသိရှိခွင့် ရတဲ့အတွက်ကြောင့်မို့လို့ သမီးတို့ ကျောင်းမှာဆိုရင် စာတွေ့ပဲ လေ့လာခွင့် ရရှိခဲ့ပေမဲ့ သမီးတို့ အခု ဒီမှာ ဒီ စစ်သမိုင်းပြတိုက်မှာဆိုရင် သမိုင်းကြောင်း ဖြစ်ရပ်တွေကို အကျယ်တဝင့်နဲ့ လက်တွေ့ လေ့လာသိရှိခွင့် ရခဲ့ပါတယ်။ သမီးတို့ကို ဒီလိုမျိုး စစ်သမိုင်းပြတိုက် ခရီးကို စီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ အားလုံးကို သမီးအနေနဲ့ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင် ဟုပြောကြားခဲ့ကြောင်း သိရသည်။ (၁၀၀)


