ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (34th ASEAN Armies Rifle Meet-34th AARM) ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်

Wednesday, November 18, 2026 - 13:15

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (34th ASEAN Armies Rifle Meet-34th AARM) ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်

 

နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ  ၁၈ ရက်

 

မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၃၄) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (34th ASEAN Armies Rifle Meet-34th AARM) ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ မလက္ကာမြို့ရှိ Terendak (တီရန်ဒတ်) လေ့ကျင့်ရေးစခန်း၌ ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့သည် အခမ်းအနားကျင်းပသည့်နေရာသို့ရောက်ရှိခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ပစ်ခတ်သည့် Novelty Shoot ပစ်ခတ်စဉ်တွင် ပါဝင်ပစ်ခတ်၍ စုပေါင်မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ သေနတ်ပစ်ပြိုင်ပွဲ ဝင်အသင်းများက ကွင်းအတွင်းရောက်ရှိနေရာယူကြပြီး အခမ်းအနားသို့ တက် ရောက်လာသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များက နိုင်ငံအလိုက်ဆုရရှိသည့် အသင်းများနှင့် ပြိုင်ပွဲအမျိုးအစားအလိုက်ဆုရရှိသည့် အသင်းများအား ဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ် က မိန့်ခွန်းပြောကြားပြီး AARM အထိမ်းအမှတ်အလံကို အလံတိုင်မှ ပြန်လည် ရုပ်သိမ်းသည်။ ၎င်းနောက် (၃၄) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ၏ မှတ်တမ်းဗီဒီယိုပြသပြီး ယဉ်ကျေးမှုအဖွဲ့များက မလေးရိုးရာအကအလှများဖြင့် လည်းကောင်း၊ မလေးရှားတပ်မတော် စစ်တီးဝိုင်းမှ တီးမှုတ်ဖျော်ဖြေမှုအား လည်းကောင်း ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ မလေးရှားကြည်းတပ်ဦးစီးချုပ်က AARM အထိမ်းအမှတ်အလံ ကို (၃၅) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အင်ဒိုနီးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်ထံသို့ လွှဲ‌ပြောင်းပေးအပ်ပြီး အင်ဒိုနီးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ် က မိန့်ခွန်းပြော ကြားသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် 34th  AARM သေနတ်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော်ကိုယ်စားပြု သေနတ်ပစ်အသင်းအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ အဆိုပါသေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် ကိုယ်စားပြု သေနတ်ပစ်အသင်းအနေဖြင့် အသင်းလိုက် အမှတ်ပေး ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု နှင့် ကြေးတံဆိပ် ၂ ခု၊ တစ်ဦးချင်း ပစ်ခတ်စဉ်ပြိုင်ပွဲတွင် ‌ ရွှေတံဆိပ် ၂ ခု၊ စုစုပေါင်း ရွှေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၂ ခုတို့ ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်(၄) နေရာရရှိခဲ့ကြောင်းသိရှိရသည်။

ညနေပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကွာလာလမ်ပူမြို့ရှိ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ)ရုံး၌ စစ်သံရုံးမိသားစုများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကားပြောကြား ရာတွင် စစ်သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအနေဖြင့် တာဝန်ထမ်းဆောင် နေထိုင်စဉ် ကာလအတွင်း သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကို ကျွမ်းကျင်အောင် လေ့ကျင့်သင်ယူ သွားရန်၊ သက်ဆိုင်ရာနိုင်ငံ၏ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ဥပဒေများကိုသိရှိ အောင်လေ့လာ၍ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင့်ကြံနေ ထိုင်ရန်နှင့် မိမိနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို စနစ်တကျ ကြိုးစားလေ့လာကာ တာဝန်ထမ်းဆောင်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က စစ်သံရုံးဝန်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် လက် ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်း ရရှိသည်။