ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွဆေးပြား ၃၃ သိန်းကျော် ဖမ်းဆီးရမိ နေပြည်တော်၊ နိုဝင်ဘာ ၁၈

Wednesday, November 18, 2026 - 13:15

 

ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၅ ဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွဆေးပြား ၃၃ သိန်းကျော် ဖမ်းဆီးရမိ

 

နေပြည်တော်၊ နိုဝင်ဘာ ၁၈

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ တရားခံ ၂ ဦးထံမှ စိတ်ကြွဆေးပြား ၅၆ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ တရားခံ ၆ ဦး နှင့်အတူ စိတ်ကြွဆေးပြား ၃ ဒသမ ၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလို၊ ဘိန်းဖြူ ၁၆ ဒသမ ၃၉၆ ကီလိုတို့အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါမူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် အဓိကစီမံခန့်ခွဲသူ အောင်ဇော်မင်းခန့်၊ ၄၂ နှစ်၊ ကံကောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူမှာ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရှိရ၍ သတင်းဖလှယ်ပေးပို့ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဟွိုင်ခွမ်ခရိုင်၌ ဖမ်းဆီးရမိခဲ့သဖြင့် နိုဝင်ဘာလ ၃ ရက် နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့တွင် သတင်းထုတ်ပြန် ခဲ့ပါသည်။

အောင်ဇော်မင်းခန့်၏ ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများအား ဂိုဒေါင်ငှားရမ်းပြီး သိုဝှက် သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်ရှိ ဂိုဒေါင်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၃၃ ဒသမ ၅ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၅ ဒသမ ၀၂၅ ဘီလီယံ)အား မထက်ထက်အောင်၊ မနှင်းနုနုလှိုင်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ အောင်ဇော်မင်းခန့်သည် မူးယစ်ပြစ်မှုများ ကျူးလွန်ပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့်ကာလတွင် မူးယစ်ဆေးဝါး နိုင်ငံဖြတ်ကျော် သယ်ဆောင် ရောင်းဝယ်မှုကို အကြိမ်ကြိမ်ကျူးလွန်ရာ၌ ၎င်း၏အစီအမံဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်း မြို့နယ်၊ ကာလိမြို့နေ အခြားမူးယစ်အမှုများမှ အလိုရှိတရားခံပြေးဖြစ်သူ စိုင်းခမ်းပန်(ခ)အားရှင်း (ဖမ်းဆီးရန်ကျန်)မှ မန္တလေးသို့ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများအား အောင်ဇော်မင်းခန့်၏ ခိုင်းစေချက်အရ မနှင်းနုနုလှိုင်မှ လက်ခံ၍ ဂိုဒေါင်ငှားရမ်းသိုလှောင်ပြီး တမူးမြို့နေ မဟောက်မန်းကျိန် (ခ)မငယ်(ဖမ်းဆီးရန်ကျန်)နှင့် လာရောက်လက်ခံယူသူများကို လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းနှင့် မထက်ထက်အောင်မှ မူးယစ်ဆေးဝါးများ ရောင်းဝယ်ရာတွင် ငွေကြေးလွှဲပြောင်းလက်ခံ ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။