တောင်ကြီးမြို့၌ ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၁၇ ရက်

Tuesday, November 17, 2026 - 13:00

 

တောင်ကြီးမြို့၌ ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ

 

နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၁၇ ရက်

 

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲအား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၆  ရက်မှစတင်၍ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိရာ တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင် အသင်းများ၊ ကုမ္ပဏီအသင်းအဖွဲ့များမှ ပြိုင်ပွဲဝင်အသင်းများနှင့် တောင်ကြီးမြို့အနီးဝန်းကျင် မြို့၊ ရွာများမှ ပြိုင်ပွဲဝင် အသင်းများက အတီးအမှုတ်၊ အကအခုန်များနှင့် ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် လွှတ်တင် လျက်ရှိကြသည်။

အဆိုပါတောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ၏ နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲ စတုတ္ထနေ့ကို ယနေ့မွန်းလွဲပိုင်းတွင် အဝေယာကုန်းသာယာ မီးပုံးပျံကွင်းကြီး အတွင်း ၌ ဆက်လက်ကျင်းပလျက်ရှိသည်။

စတုတ္ထနေ့ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၃၉)အသင်းတို့က မိမိတို့၏ လက်ရာ မြောက် အရုပ်မီးပုံးပျံများကို စနစ်တကျ ပြင်ဆင်ပြီး သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကောင်းကင်ယံသို့ လွှတ်တင်ကာ အားသွန်ခွန်စိုက် ယှဉ်ပြိုင် ခဲ့ကြရာ မီးပုံးပျံများ လွှတ်တင်ချိန်တွင် ပရိသတ်များရဲ့ အားပေးသံများဖြင့် အထူး စည်ကားလျက်ရှိသည်။

             အဆိုပါ တောင်ကြီးမြို့၊ ၂၀၂၆ ခုနှစ်၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကာလအတွင်း  ခေတ်ပေါ်တေးဂီတတီးဝိုင်းများ၊ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်း၊ မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင်လှည့်လည်ခြင်း၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်း၊ မီးပဒေသာ လှည့်လည်ပူဇော်ခြင်းများ ဆောင်ရွက် မည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ညမီးကြီး (၇၁)လုံး၊ စိန်နားပန် (၄၁)လုံး၊ စုစုပေါင်း နေ့လွှတ်အရုပ်များနှင့် ညမီးကြီး/စိန်နားပန် မီးပုံးပျံများ(၅၆၁) လုံး ပါဝင်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

            ယနေ့တွင် ညလွှတ်မီးပုံးပျံကို ည ၆ နာရီခွဲမှ ပွဲစဉ်ပြီးဆုံးသည်အထိ လွှတ်တင်သွားမည်ဖြစ်ကာ နေ့လွှတ်အရုပ်ပြိုင်ပွဲကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ နေ့ရက်အလိုက် လွှတ်တင်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပစဉ်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှဒေသခံပြည်သူများ နေ့စဉ်လာရောက် ကြည့်ရှုသူများဖြင့် စည်ကားသိုက်မြိုက်ပျော်ရွှင် အေးချမ်းစွာ ဆက်လက်ကျင်းပလျက် ရှိကြောင်း သတင်းရရှိသည်။