ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသတွင်အခြေပြု၍ ထိုင်းနိုင်ငံ၏ အစိုးရဝန်ထမ်းများအဖြစ် အယောင်ဆောင်ကာ ထိုင်းနိုင်ငံသားများအား ပစ်မှတ်ထား လိမ်လည်နေသော Online Scam Center များအား ထိရောက်ပြင်းထန်စွာ နှိမ်နင်း နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၃

Friday, November 13, 2026 - 11:15

ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသတွင်အခြေပြု၍ ထိုင်းနိုင်ငံ၏ အစိုးရဝန်ထမ်းများအဖြစ် အယောင်ဆောင်ကာ ထိုင်းနိုင်ငံသားများအား ပစ်မှတ်ထား လိမ်လည်နေသော Online Scam Center များအား ထိရောက်ပြင်းထန်စွာ နှိမ်နင်း

နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၃

          နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေ စိုးမိုးရေး ကို အလေးထားဆောင်ရွက်လျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ လူသားမျိုးနွယ်အားလုံးကို အတိ ဒုက္ခပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများကို ထိရောက် ပြတ်သားစွာ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းများကို အမျိုသားရေးတာဝန်တစ်ရပ် အနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။

        အချို့သောနယ်စပ်ဒေသများ၌ ပြည်ပနိုင်ငံသားအချို့သည် EAO လက်နက်ကိုင်အဖွဲ့ များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ လုပ်ဆောင်လျက်ရှိရာ တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ၎င်းတို့ကို ရှာဖွေစိစစ် ဖမ်းဆီးခြင်းနှင့် ပြစ်မှုကျူးလွန်သူ ပြည်ပနိုင်ငံသားများအား နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှုကို ရှေးရှု၍ ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကိုလည်း အစဉ်တစိုက် အလေး ထား ဆောင်ရွက်လျက်ရှိသည်။

       ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်၍ ဖြစ်စေ ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့သည့် ပြည်ပ နိုင်ငံသားများတွင် ထိုင်းနိုင်ငံသားများလည်း ပါဝင်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှစတင်၍ ယနေ့အထိ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် နယ်စပ်ဒေသများအတွင်း တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား အမျိုးသား ၅၂၉ ဦးနှင့် အမျိုးသမီး ၄၁၈ ဦး၊ စုစုပေါင်း ၉၄၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

      အဆိုပါ ဖမ်းဆီးရမိသူများအနက် အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူ ထိုင်း နိုင်ငံသားများသည် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို လစာငွေအများအပြားဖြင့် လုပ်ကိုင်ရမည်ဟု အွန်လိုင်းမှတစ်ဆင့် သွေးဆောင်စည်းရုံးခံရပြီး မက်လုံးပေးလိမ်လည်ခြင်း ခံခဲ့ရကြောင်း၊ ၎င်းတို့သည် အသိပညာနည်းပါးသူ၊ နည်းပညာအားနည်းသူနှင့် လောဘစိတ် ရှိသူ ထိုင်းနိုင်ငံသားများကို အဓိကပစ်မှတ်ထားပြီး စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများဖြင့် မက်လုံးပေး သွေးဆောင်စည်းရုံးလိမ်လည်ခြင်း၊ ကံစမ်းမဲ၊ ဆုကြေးငွေ များဖြင့် မက်လုံးပေး၍ လိမ်လည်ခြင်း၊ လောင်းကစားဝါသနာပါသူများအား လူမှုကွန်ရက် များမှတစ်ဆင့် အွန်လိုင်းလောင်းကစားနှင့် ဂိမ်းပလက်ဖောင်းများကို ကြော်ငြာခြင်းနှင့် အနိုင် ရရှိနိုင်ခြေမြင့်မားကြောင်းတို့ဖြင့် မက်လုံးပေးလိမ်လည်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖြင့် မက်လုံးပေး၍ လိမ်လည်ခြင်းတို့ကို လုပ်ဆောင်ကြကြောင်း သိရှိရသည်။

      ထိုသို့ ဖမ်းဆီးရမိမှုများအနက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ စံပယ်လမ်းရှိ Yuwarat (ယုဝရတ်ဟိုတယ်)၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် All in One ကွန်ပျူတာ ၂၃ လုံး၊ Laptop ၄၀ လုံး၊ ဖုန်းမျိုးစုံ ၁၄၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသား အမျိုးသား ၄၂ ဦးနှင့် အမျိုးသမီး ၄၁ ဦး၊ စုစုပေါင်း ၈၃ ဦး တို့အား စိစစ်မှုများအရ ၎င်းတို့သည် ထိုင်းနိုင်ငံသား အချင်းချင်းအပေါ် အွန်လိုင်းမှလိမ်လည်မှုများ ဦးတည်လုပ်ဆောင်ကြပြီး အဓိကအားဖြင့် ထိုင်းနိုင်ငံ၊ လျှပ်စစ်မီတာဘေလ်ဝန်ဆောင်မှုကုမ္ပဏီ ဝန်ထမ်းများအဖြစ်ဟန်ဆောင်၍ ထိုင်း နိုင်ငံအတွင်းရှိ လျှပ်စစ်မီတာအသုံးပြုသူများအား အဓိကပစ်မှတ်ထားကာ လျှပ်စစ်မီတာ လဲလှယ်ရန် လိုအပ်ကြောင်းနှင့် လျှပ်စစ်မီတာဘောက်စ်အာမခံလုပ်ငန်းအား အကြောင်းပြု၍ လိမ်လည်ကြကြောင်း၊ လိမ်လည်ရာတွင် ပစ်မှတ်ထားခံရသူများအား ဖုန်းခေါ်ဆိုဆက်သွယ် ခြင်းနှင့် SMS စာတို ပေးပို့ခြင်းများ မှတစ်ဆင့် လျှပ်စစ်မီတာဝန်ဆောင်မှု လုပ်ဆောင်ရန် ၎င်းတို့အသုံးပြုသည့် Line Application Account ID သို့ ဆက်သွယ်ရမည် ဖြစ်ကြောင်း ပေးပို့ပြောဆို၍ လိမ်လည်ကြကြောင်း သိရှိရသည်။

      ထို့နောက် ၎င်းတို့ပေးပို့ထားသည့် Line Application Account သို့ ဆက်သွယ်လာ သော ပစ်မှတ်များအား  လျှပ်စစ်မီတာ ဝန်ဆောင်မှုရယူမည်ဆိုပါက အမည်၊ အိမ်နံပါတ်၊ ကျေးရွာ၊ ခရိုင်ခွဲ၊ မီတာနံပါတ်နှင့် မီတာအခွန်ပေးဆောင်ထားသည့် ငွေပြေစာ စသည့် အချက် အလက်များကို တောင်းယူ၍ ပစ်မှတ်၏ ယုံကြည်မှုရှိစေရန် ၎င်းတို့ ကြိုတင်ပြင်ဆင်ထား သည့် ထိုင်းနိုင်ငံလျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးအာဏာပိုင်အဖွဲ့ Provincial Electricity Authority (မဟာဓာတ်အားလိုင်းဦးစီးဌာန)၏ လျှပ်စစ်မီတာနှင့်ပတ်သက်သည့် အကြောင်း ကြားစာအတုများကို ပေးပို့၍ လိမ်လည်ကြခြင်းဖြစ်ကြောင်း၊ ထို့အတူ လျှပ်စစ်မီတာဘောက် အာမခံထားသည့် ငွေကြေးများအား ပြန်လည်ထုတ်ယူလိုပါက လျှောက်ထားနိုင်ကြောင်းနှင့် ၎င်းတို့မှ အာမခံငွေကြေးများရရှိအောင် ဝန်ဆောင်မှုပေးနိုင်သည်ဟု ပြောဆိုစည်းရုံးကြ ကြောင်း၊ အာမခံထားသည့် ငွေကြေးများ ထုတ်ယူလိုကြောင်း ဆက်သွယ်လာပါက  Line Application တွင် အတုပြုလုပ်ထားသည့် ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အာဏာပိုင်အဖွဲ့ Provincial Electricity Authority (မဟာဓာတ်အားလိုင်းဦးစီးဌာန) Account သို့ ဆက်သွယ်ခိုင်းကြောင်း သိရှိရသည်။

         အဆိုပါ Provincial Electricity Authority (မဟာဓာတ်အားလိုင်းဦးစီးဌာန) Line Account သို့ လျှပ်စစ်မီတာဘောက် အာမခံထားသည့် ငွေကြေးအား ထုတ်ယူရန် ဆက်သွယ် လာပါက မီတာပြေစာ၊ မီတာအကောင့်နံပါတ်နှင့် ငွေလက်ခံမည့် ဘဏ်အကောင့် စသည့် အချက်အလက်များအား ဖြည့်သွင်းခိုင်း၍ ပစ်မှတ်၏စကားပြောဆိုပုံနှင့် ပုံပန်းသဏ္ဍာန်တို့ကို အကဲခတ်ကာလိမ်လည်၍ ရရှိနိုင်မည့်ငွေကြေးကို သတ်မှတ်ကြောင်း၊ ထို့နောက် ၎င်းတို့ ဖန်တီး ပြုလုပ်ထားသည့် ငွေလက်ခံမည့် PEA Application အတု Link နှင့် QR Code ကို ပေးပို့၍ လိမ်လည်ငွေလွှဲခိုင်းခြင်းဖြစ်ကြောင်း၊ ထို့နောက် အွန်လိုင်းငွေကြေးလိမ်လည်သူများ ပေးပို့သည့် PEA Application အတုကို Install ပြုလုပ်ပြီးနောက် QR Code အား Scan ပြုလုပ်၍ ငွေလွှဲပြီးပါက အကောင့်များကို Block ပြုလုပ်၍ အဆက်အသွယ်ဖြတ်တောက်ကာ လိမ်လည်ကြခြင်းဖြစ်ကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်သူများအနေဖြင့် ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အာဏာပိုင်အဖွဲ့ Provincial Electricity Authority (မဟာဓာတ်အားလိုင်းဦးစီးဌာန)မှမီတာတပ်ဆင်ထားသော ထိုင်းနိုင်ငံသားများ၏စာရင်းနှင့် တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ကြိုတင်ရယူ ထားပြီး ၎င်းတို့ရရှိထားသည့် ကိုယ်ရေးအချက်အလက်များအတွင်းမှ ပစ်မှတ်များအား အသေးစိတ်စိစစ်ရွေးချယ်၍ လိမ်လည်ကြသည်ကို စိစစ်တွေ့ရှိရကြောင်း သိရှိရသည်။

      နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီစိစစ်နိုင်ရန်၊ အမြန်ဆုံး တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်နိုင်ရန်အတွက် ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသော နိုင်ငံခြားသား များနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင် လွှဲပြောင်းပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

      ထို့ကြောင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ပြဿနာရပ်များသည် နိုင်ငံတစ်နိုင်ငံတည်း၏ ပြည်တွင်းမှုခင်းပြဿနာအဖြစ်သာမက နိုင်ငံတကာ၏ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးကဏ္ဍများကိုပါ ခြိမ်းခြောက်လာသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု တစ်ရပ်အဖြစ် ရင်ဆိုင်ဖြေရှင်းရန် လိုအပ်လျက်ရှိသဖြင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသား မျိုးနွယ်တစ်ရပ်လုံး၏ လူမှုစီးပွားဘဝများကို ပျက်စီးစေသည့် အွန်လိုင်းလိမ်လည် လောင်း ကစားမှုကျူးလွန်ခြင်းများကို ထိရောက်ပြင်းထန်စွာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက် ရှိရာ ပြည်သူများအနေဖြင့်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင် နေမှုများအား သိရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့်လည်း ပြည်သူများ နှင့်ပူးပေါင်း၍ လိုအပ်သည့် စုံစမ်းရှာဖွေဖော်ထုတ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။