နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် TNLA အဖွဲ့မှ ဗျူဟာမှူးအဆင့်ရှိသူတစ်ဦးအပါအဝင် အဖွဲ့ဝင် ၂၀၀ ဦးတို့ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းအပ်နှံ
နေပြည်တော် နိုဝင်ဘာ ၁၀
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် TNLA အဖွဲ့မှ ဗျူဟာမှူးအဆင့်ရှိ ဂူဆီးအပါအဝင် အမျိုးသား ၁၇၈ ဦးနှင့်အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူပြန်လည်ဝင်ရောက် လာကြသည့် TNLA အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိပတ္တမြားမြေ အားကစားခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာခဲ့သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းပြောကြား သည်။ ထို့နောက်ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် MA -1 အမျိုးအစား သေနတ် (၅)လက်၊ Type 81 အမျိုးအစား သေနတ်(၆၆)လက်၊ AK-47 အမျိုးအစားသေနတ်(၃)လက်၊ M-22 အမျိုးအစားသေနတ် (၄)လက်၊ပစ္စတို(၃)လက်၊ လက်လုပ်သေနတ်(၃)လက်၊ ကျည်အိမ်မျိုးစုံ(၈၄)ခုနှင့် ကျည်မျိုးစုံ(၁၄၇၂)တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန် ရိုင်ဖယ် ၇၈ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၃၉၀၀၊ ပစ္စတို ၃ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၆၀၊ လက်လုပ်သေနတ် ၃ လက်အတွက် ဆုကြေး ငွေကျပ် ၁၅ သိန်း၊ လက်နက်မပါ အလင်းဝင်ရောက်လာသူ ၁၁၆ ဦးအတွက် ဆုကြေးငွေကျပ် ၁၁၆ သိန်းတို့ကို ပေးအပ်ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံပြန်လည် လွှဲပြောင်းအပ်နှံပေးသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန် ရှိသူများက ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအပ်နှံထားသော လက်နက် ခဲယမ်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဥပဒေဘောင်အတွင်းပြန်လည် ဝင်ရောက် လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ လက်ဖက်ရည်ဝိုင်းတို့ဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် TNLA အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း များအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံ အဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက် အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော် နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင် အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက် ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရသည်။ ထိုသို့ ဥပဒေ ဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့်ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံ များကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
“အလင်းဝင်ပြီးတော့ ကျွန်တော်တို့ ပြန်လာရခြင်း ရည်ရွယ်ချက်ကတော့ အစက တည်းက ကျွန်တော်တို့က နိုင်ငံရေးလည်းနားမလည်ဘူး။ တော်လှန်ရေး လည်းနားမ လည်ဘူး။ ဖိအားတစ်မျိုးကြောင့် ဒီလိုလုပ်ခဲ့တယ်။ အခက်အခဲအမျိုးမျိုး နဲ့ အဆင်မ ပြေတဲ့အခါကျတော့ ကျွန်တော်တို့လုပ်နေကျ နားလည်တဲ့အလုပ်မျိုး မဟုတ်တဲ့ အခါကျတော့ နည်းလမ်းရှာပြီးတော့မှ မြို့မိမြို့ဖ လူကြီးတွေကတစ်ဆင့် နိုင်ငံတော်ကို ဆက်သွယ်ပြီးတော့မှ အလင်းဝင်လာခဲ့တယ်။ ကျွန်တော် တို့ရဲ့ဗီဇ၊ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းမှု၊ ကျွန်တော်တို့ ဖြစ်ချင်တဲ့ဟာမျိုး မဟုတ်တဲ့အခါကျတော့ အခုလုပ်ရပ်ကနေ ရုန်းထွက်ခဲ့တယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ချစ်တဲ့ မိုးကုတ်၊ မိုးမိတ်ကို နောက်တစ်ခါ ဒီလိုမျိုးတိုက်ပွဲတွေမဖြစ်အောင် တပ်မတော်နဲ့ကာကွယ်မယ်။ မိုးကုတ်၊ မိုးမိတ်မှာ လီဆူတွေအများကြီးရှိတယ်။ ကျွန်တော်တို့ လီဆူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လုံခြုံရေး အားလုံးကို ကူညီစောင့်ရှောက်မယ်။ တစ်ဖက် ကလည်း နိုင်ငံတော်ကို ပြန်ပြီးတော့ ကာကွယ်ရေးတွေလုပ်မယ်။ ကျွန်တော်တို့ရဲ့အင်အားနဲ့ တပ်မတော်နဲ့ပူးပေါင်းပြီးတော့ ကျွန်တော်တို့ရဲ့အဖွဲ့အစည်းကဖြစ်နိုင်ရင် မိုးကုတ်၊ မိုးမိတ်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံအကုန်လုံးကို ကျွန်တော်တို့ အလုပ်အကျွေး ပြုမယ်ဆိုတဲ့ ဆန္ဒမျိုးနဲ့ တပ်မတော်ကို ဆက်သွယ်ပြီး အလင်းဝင်လာရခြင်းဖြစ်တယ်။ အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ တပည့်သားသမီးတွေ အများကြီးရှိတယ်။ ကျွန်တော့်မှာဖိအားတွေ အရမ်းများခဲ့တယ်။ နိုင်ငံတော်ကို ဆက်သွယ်ပြီးတော့ ကျွန်တော်တို့ ကျောက်မဲကို စရောက်တဲ့အချိန်ကတည်း က ကျွန်တော်တို့ကို ဗိုလ်ချုပ်ကိုယ်တိုင်လာပြီးတော့မှ ကောင်းကောင်းမွန်မွန်ကြိုဆိုတယ်။ ကောင်းကောင်းမွန်မွန်ဧည့်ခံတယ်။ ကျွန်တော်တို့ တော့ အရမ်းကို ပျော်ရွှင်တယ်။ ကျောက်မဲကနေပြီးတော့မှ ပြင်ဦးလွင်၊ မန္တလေး၊ သပိတ်ကျင်း၊ မိုးကုတ်ကျွန်တော်တို့ကို ညတွင်း ချင်းပို့ပေးတယ်။ ကျွန်တော်တို့ အစစ အရာရာ ဘာမှလုပ်စရာမရှိဘူး။ ဒီအတွက် နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင် ပါတယ်။ အခုကျန်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေအမြင်မှန်ရပြီးတော့ ကိုယ့်မိသား စုအတွက် ကိုယ့်ရဲ့မြို့ရွာအတွက် ကိုယ့်ရဲ့လူမျိုးအတွက် တောထဲမှာပဲမနေဘဲနဲ့ ပြန်လာဖို့ အလင်းလာဝင်ပြီးတော့ မှ ခုနကပြောသလို ကိုယ့်မြို့ရွာ အေးချမ်းသာယာ လာဖို့ အတူတူ ပူးတွဲဆောင်ရွက်ဖို့ ပြန်လာကြပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာစကား ပါးချင်ပါတယ်”ဟု ပြောသည်။
“ကျွန်တော်တို့ ဒီအဖွဲ့အစည်းထဲ ကို ရောက်လာတဲ့အကြောင်းရင်းက တပ်မတော်ကနေ ဆုတ်သွားတဲ့အချိန် TNLA တွေဝင်လာတယ်။ သူတို့ အုပ်ချုပ်တဲ့အချိန်မှာ တစ်အိမ်တစ်ယောက် မဝင်မရစနစ်နဲ့လာခဲ့တယ်။ ကျွန်တော်တို့ မဝင်လို့ရှိရင်လည်း အိမ်ကမိသားစုတွေက ပိုပြီးတော့ ခက်ခဲတာပေါ့။ ကျွန်တော်တို့က မဝင်မဖြစ်ဝင်ခဲ့ရတယ်။ အဖွဲ့ အစည်းထဲကို ဝင်ခဲ့တဲ့အချိန်မှာ အခက်အခဲတွေကတော့ များတာပေါ့။ ရှေ့တန်းတိုက်ပွဲအတွေ့အကြုံတော့မရှိပါဘူး။ ကျွန်တော်တို့က မြို့တွင်းအုပ်ချုပ်ရေးပိုင်းမှာ မြို့တွင်းကင်းတာဝန်အနေနဲ့ဆောင်ရွက်ရတာရှိတယ်ဗျ။ အလင်းဝင်ရတဲ့ အကြောင်းရင်းကတော့ တောထဲမှာပဲနေပြီးတော့ ကျွန်တော်တို့ရဲ့ အနာဂတ်ကပျောက်ဆုံးနေတယ်။ ပြီးတော့ နိုင်ငံတော်နဲ့တပ်မတော်ရဲ့သဘောထားကို သိရှိနားလည်ပြီး တော့မှ အလင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ကျန်ခဲ့တဲ့သူတွေ ကိုလည်း ဖြစ်နိုင်ရင် အမြန်ဆုံးလာခဲ့ပါ အစစအရာရာအဆင်ပြေတယ်လို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု ပြောသည်။
“သူတို့တစ်အိမ်တစ်ယောက်ခေါ် တော့ လိုက်သွားခဲ့ရတယ်။ သူတို့က ကိုယ့်မြို့မှာပဲ နေရမယ်လို့ပြောပြီး နောက်တော့ တောထဲကိုခေါ်သွား ခဲ့လို့ တောထဲမှာပဲ နေခဲ့ရတယ်။ တောထဲရောက်တော့ သမီးကို စစ်မေဆိုပြီး မွေးမြူရေးလုပ်ခိုင်းတယ်။ ပြီးရင် နေ့တိုင်းဖက်ထိပ်လုပ် ရတယ်။ အခက်အခဲကတော့ စားရေးသောက်ရေးအခက်အခဲရှိတယ်။ သင်တန်းက သုံးလသင်တန်းမှာကျတော့လည်း အခက်အခဲကြုံတာက စားရေးသောက်ရေးပါပဲ။ အလင်းလာ ဝင်ရတဲ့ အကြောင်းကတော့ နိုင်ငံတော်ရဲ့ သဘောထားအမှန်ကို သိရှိတဲ့အတွက် သမီးတို့အလင်းဝင်ရခြင်းဖြစ်တယ်။ နိုင်ငံတော်ကလည်း သမီးတို့အလင်းဝင်ဖို့အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေးတဲ့အတွက်လည်း သမီးတို့အနေဖြင့် အလွန်အင်မတန် ဝမ်းသာပီတိတွေ ဖြစ်မိပါတယ်။ အရမ်းလည်း ဂုဏ်ယူပါတယ်။ သမီးတို့ကို ပြန်လက်ခံပေးတဲ့အတွက်ရော ကြိုဆိုပေးတာ အစစအရာရာ အကုန်လုံးလုပ်ပေးတယ်။ ကားကအစ လိုလေသေးမရှိအောင် ဒီဘက်ထိရောက်အောင်ပံ့ပိုးပေးခဲ့တယ်။ အဲဒီအတွက်လည်း နိုင်ငံတော်ကို အရမ်းကျေးဇူးတင်ပါတယ်။ ကျန်ခဲ့တဲ့သူတွေလည်း တပ်မတော်ရဲ့ စေတနာနဲ့သဘောထားကို သိပြီ ဆိုလို့ရှိရင်တော့ သမီးတို့လိုပဲ ဒီကိုလာမယ်လို့မျှော်လင့်ပါတယ်။ တပ်မတော်နဲ့ပူးပေါင်းခွင့်ရတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ရှေ့ဆက် ပြီးတော့လည်း ကိုယ့်လူမျိုးနဲ့ တပ်မတော်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ ”ဟု ပြောသည်။







