တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ပျဉ်းမနားမြို့နယ်နှင့် ပုပ္ဗသီရိမြို့နယ် တို့မှ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာများ သွားရောက်လေ့လာ
နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာ ၉ ရက်
ကျောင်းသား လူငယ်မောင်မယ်များနိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏ သမိုင်းကြောင်းများ ကိုသိရှိပြီး အသိပညာဗဟုသုတများစွာရရှိစေရန်၊ လူငယ်များအား မျိုးချစ်စိတ်ဓာတ်များရှင်သန်ထက်မြက်လာစေပြီး နိုင်ငံချစ်စိတ်နှင့် တိုင်းပြည်ချစ်စိတ် များတိုးတက် ဖြစ်ထွန်းလာစေရန်၊ ကျောင်းသင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို အထောက်အကူပြုစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ လာရောက် လေ့လာ နိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ နေပြည်တော်စံကိုယ်ပိုင်အထက်တန်းကျောင်း၊ ကံ့ကော်ကိုယ်ပိုင် အထက်တန်းကျောင်း၊ ကောင်းထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပွင့်ပန်းကိုယ်ပိုင် အထက်တန်းကျောင်း၊ ဟိန်းပညာကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ပုပ္ဗသီရိမြို့နယ်ရှိ FUTURE STAR ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ များသည်ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော် (လေ)ပြင်ပပြကွက် တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသ ထားသည့် စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။
ဆက်လက်၍ တပ်မတော်(ကြည်း) ပြင်ပပြကွက်နှင့် ပြခန်းဆောင်ရှိ စစ် လက်နက်ပစ္စည်းများ ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု့လေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ အတွက် မုန့်များကို ပေးဝေကြသည်။
ယင်းနောက် ပြတိုက်တာဝန်ရှိသူများက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်းရှိ ကဏ္ဍအလိုက် ပြခန်း၊ပြကွက်များ ပြသထားမှုတို့ကို ရှင်းလင်းပြ သကြသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ များက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုလေ့လာပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူ များက ပြန်လည် ရှင်းလင်းဖြေကြားပေးသည်။
ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်ကာ မေးခွန်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများ အဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြ သည်။
ထိုကဲ့သို့ လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
စစ်သမိုင်းပြတိုက်ကို သမီးတို့ အခုလို လာရောက်လေ့လာတဲ့အခါမှာ တာဝန်ရှိတဲ့ သူတွေက ကြည်း၊ ရေ၊ လေ ပြခန်း သုံးခန်းလုံးကို စုံစုံလင်လင် ပြသခဲ့ပါတယ်။ သမီးတို့ ကျောင်းမှာ သင်ခဲ့ရတဲ့ စာတွေ့တွေအတိုင်း သမိုင်းထဲက အဖြစ်အပျက်တွေမှာ အသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်းတွေကို လေ့လာခွင့်ရရှိခဲ့ပါတယ်။ ရှေးယခင်ကတည်းက တည်ဆောက် လာတဲ့ တပ်မတော်ဟာ ယနေ့ခေတ်ကာလမှာ စွမ်းအားမြင့်လက်နက်တွေကို ပိုင်ဆိုင်ပြီး ဆောင်ရွက်နေတာကိုလည်း လေ့လာသိရှိခဲ့ရပါတယ်။ စစ်သမိုင်းပြတိုက်ကို လေ့လာခဲ့ရခြင်းဖြင့် သမီးတို့ မသိတာတွေကို ပိုပြီးသိမြင်ခွင့်ရတဲ့အတွက် များစွာသော ဗဟုသုတတွေကို ရရှိစေခဲ့တဲ့ အတွက် မရောက်ဖူးသေးတဲ့ သူငယ်ချင်းတွေကိုလည်း လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ တပ်မတော်စစ်သမိုင်းပြတိုက်ကို လေ့လာခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်ခင်ဗျာ။ ကျောင်းမှာက စာတွေ့အဖြစ်ပဲ သင်ယူခဲ့ရပြီး စစ်သမိုင်းပြတိုက်ရဲ့ ကြည်း၊ ရေ၊ လေ ပြခန်းတွေနဲ့ ပြင်ပပြကွက်တွေကို လေ့လာရတဲ့အတွက် စာတွေ့ရော လက်တွေ့ရော ပေါင်းပြီးတော့ လေ့လာခွင့်ရတဲ့အတွက် နိုင်ငံတော်ရဲ့ သမိုင်းကြောင်းဟာ ရှေးခေတ်က အခိုင်အမာရှိခဲ့တယ်ဆိုတာကို သိမြင်ခဲ့ရပါတယ်ဗျ။ နိုင်ငံတော်တစ်ခု တိုးတက်ဖို့ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနဲ့ ကာကွယ်ရေးပါ ဘက်စုံ ဟန်ချက်ညီညီမှရမယ်ဗျ။ တပ်မတော် အတွင်းမှာ အသုံးပြုခဲ့တဲ့ တိုက်လေယာဉ်၊ သင်္ဘောတွေနဲ့ လက်နက်ခဲယမ်းတွေကို လက်တွေ့ ကျကျ တွေ့မြင်ခဲ့ရပါတယ်ခင်ဗျ။ အခုလို လေ့လာခွင့်ရရှိအောင် စီမံပေးခဲ့တဲ့ နိုင်ငံတော် သမ္မတကြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ပါတယ်။



