၂၀၂၅-၂၀၂၆ ပညာသင်နှစ် တွင်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင့်သည့်စစ်သည်များပါ၀င်သောမျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ် များဗီယက်နမ်နိုင်ငံသို့လေ့လာခရီးထွက်ခွာ
နေပြည်တော်၊ အောက်တိုဘာ ၂၀
တပ်မတော်ကာကွယ်ရေးဦးချုပ်၏လမ်းညွှန်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းနှင့် အစားခန့် ၀န်ထမ်းများ၏ သား/သမီး ကျောင်းသား၊ကျောင်းသူများနှင့်ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့သောစစ်သည်များပါ၀င်သည့်မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာ ယဉ်ကျေးမှု၊ ဗဟုသုတနှင့်အသိပညာများ အတုယူလေ့လာနိုင်စေရန် အတွက်ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ကြမည်ဖြစ်ရာ အဆိုပါ လေ့လာရေးအဖွဲ့ သည်ယနေ့ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှလေကြောင်းခရီးဖြင့်ထွက်ခွာကြသည်။
အဆိုပါထူးချွန်လူငယ်များပါ၀င်သည့် လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မင်းလတ် နှင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစီးပွားရေးကော်ပို ရေးရှင်းမှ တာ၀န်ရှိသူများ၊ကျောင်းသား၊ ကျောင်းသူများ၏မိဘဆွေမျိုးများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ရင်းရင်းနှီးနှီးလိုက်လံအားပေးပြီးပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါထူးချွန်လူငယ်များပါ၀င်သည့် လေ့လာရေးအဖွဲ့တွင် စစ်မှုထမ်းဆဲ/ စစ်မှုထမ်း ဟောင်း မိသားစု၀င် သား၊သမီး များမှ ၂၀၂၅_၂၀၂၆ပညာသင်နှစ်တက္ကသိုလ်၀င်စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသောကျောင်းသား၊ကျောင်းသူ(၁၆)ဦး၊ တက္ကသိုလ်၀င်စာမေးပွဲအောင်မြင် ပြီး လူရည်ချွန်ဆုရရှိသည့် ကျောင်သား၊ကျောင်းသူ(၇)ဦး၊ဂုဏ်ထူး (၃ )ဘာသာဖြင့်အောင်မြင် သောစစ်သည်( ၂ ) ဦး၊ ကျောင်းအုပ်ကြီး( ၁ )ဦး၊ အုပ်ချုပ်မှုတာ၀န်ခံ(၄) ဦး၊ စုစုပေါင်း(၃၀)ဦးတို့ ပါဝင်ကြပြီး ဗီယက်နိုင်ငံ၌အောက်တိုဘာလ၂၆ရက်အထိ လေ့လာရေးခရီးစဉ်ကာလအတွင်း ဗီယက်နမ်နိုင်ငံရှိ FPT Software Center နှင့် viettel Academy၊ ဗီယက်နမ် Data Base စီမံခန့်ခွဲရေးကုမ္ပဏီ၏ Data Center ၊ ဗီယက်နမ်နိုင်ငံ၏ပထမဆုံးတက္ကသိုလ်(Quoc Tu Giam)ရှိစာပေဗိမာန်(Temple Of literature) ၊ ဗီယက်နမ်နိုင်ငံ၏သက်တမ်းအရင့်ဆုံး ဘုရား ကျောင်းများထဲမှတစ်ဆူဖြစ်သည့် West Lake ရှိ ဗုဒ္ဓဘာသာ၀င်တို့၏ Tran Quoc ဘုရားကျောင်း ၊ ရှေ့ဟောင်းမြို့တော်( Hoa Lu)မြို့ ၊ ကမ္ဘာ့အမွေအနှစ်နေရာများ ဖြစ်သည့် Trang An (ထရန်အန်) ၊ Holong Bay နှင့်အခြားအထင်ကရနေရာများသို့သွားရောက် လေ့လာလည်ပတ်ခြင်းများဆောင်ရွက်ကြမည်ဖြစ်ကြောင်းသိရသည်။
တပ်မတော်အနေဖြင့်တက္ကသိုလ်၀င်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သား မိသားစု၀င်သား၊ သမီးများ၊ စစ်မှုထမ်းဟောင်းမိသားစု၀င် သား၊သမီးနှင့် စစ်သည်အစားခန့်အရပ်သားအမှုထမ်းများ၏ သား၊သမီးများအားဂုဏ်ပြုဆု ချီးမြှင့်ခြင်းကို ၂၀၁၁၂၀၁၂ပညာသင်နှစ်မှစတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများအနက်မှထူးချွန်စစ်သည်နှင့် ဘက်စုံ ထူးချွန်လူငယ်များအား ၂၀၂၃ခုနှစ်မှစ၍ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ် စေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသို့ သွားရောက်လေ့လာကြမည့် မျိုးဆက်သစ်ထူးချွန် ကျောင်းသား၊ ကျောင်းသူများ၏ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားမှုများကို ယခုကဲ့သို့ ကြားသိ ရပါသည်-
မောင်ရဲထက်ကျော်
(၆) ဘာသာဂုဏ်ထူးရှင်
ကျွန်တော်က ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူး ၆ ဘာသာ အမှတ်ပေါင်း ၅၃၄ မှတ်နဲ့ အောင်မြင်ခဲ့ပြီးတော့ ၂၀၂၆ ခုနှစ် Grade 12 လူရည်ချွန်တစ်ယောက်လည်း ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်က စာမေးပွဲအောင်ဖို့အတွက် ကျက်မှတ်ခဲ့တဲ့ ပုံစံမျိုးမဟုတ်ဘဲ စာတွေကို လုံးဝနားလည်တဲ့အထိ လေ့လာမှတ်သားခဲ့ပါတယ်။ နားမလည်တဲ့စာတွေကိုလည်း ဆရာ ဆရာမတွေရဲ့ အကူအညီနဲ့ ကြိုးစားလေ့လာခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင် အချိန်ဇယားတွေ ရေးဆွဲခဲ့တယ် စာတွေကို ပုံမှန်လုပ်တယ် ကျွန်တော် အားမရတဲ့ ဘာသာတွေကို ပိုပြီးတော့ အချိန်ပေးလုပ်ဖြစ်ခဲ့ပါတယ်ခင်ဗျ။ ကျွန်တော့်မိဘတွေရဲ့ အားပေးမှုများ ဆရာ ဆရာမတွေရဲ့ လမ်းညွှန်သင်ပြမှုနဲ့ ကျွန်တော်ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ယခုလို အောင်မြင်မှုမျိုး ရရှိခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျ။ အခု ဒီလေ့လာရေးခရီးစဉ်မှာဆိုရင်ဖြင့် ဗီယက်နမ်နိုင်ငံရဲ့ နည်းပညာနဲ့ ပညာရေးကဏ္ဍတွေကို အဓိကထားပြီး လေ့လာသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီဗီယက်နမ်နိုင်ငံရဲ့ နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Viettel Company ရဲ့ ဆော့ဝဲလ်တွေအကြောင်း Tele Company ရဲ့ အကြောင်းတွေကို လေ့လာသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ အခုလို လေ့လာရေးခရီးစဉ်သွားရတဲ့ အခွင့်အရေးကို သေချာအသုံးချပြီးတော့ လေ့လာမှတ်သားခဲ့သမျှတွေကို အများပြည်သူနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် အကျိုးရှိစွာ အသုံးချသွားမှာ ဖြစ်ပါတယ်ခင်ဗျ အနာဂတ်မှာလည်း ကျွန်တော်ဟာ အများပြည်သူနဲ့ တိုင်းပြည်ကို အကျိုးပြုနိုင်မယ့် ဆရာဝန်ကောင်း တစ်ယောက်အနေနဲ့ ဆက်လက်ကြိုးပမ်းသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျ ညီလေး ညီမလေးတွေအတွက်ကတော့ ကိုယ်ရည်မှန်းချက်ရှိတာကို တစိုက်မတ်မတ်လုပ်ပြီးတော့ မဆုတ်မနစ် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်ခင်ဗျ။ လျှောက်တဲ့လမ်းကိုလည်း အဆုံးထိ ဆက်သွားဖို့ အားပေးချင်ပါတယ်ခင်ဗျ။ အခုလို ကျွန်တော်တို့လို ထူးချွန်ကျောင်းသား ကျောင်းသူတွေကို လေ့လာရေးခရီးစဉ် ဆောင်ရွက်ပေးတဲ့အတွက် နိုင်ငံတော်သမ္မတကြီးနှင့်တကွ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နောက်ပြီးတော့ ဒီ MEC က စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိလူကြီးမင်းအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။
မသဇင်ငြိမ်းအေး
(၄)ဘာသာဂုဏ်ထူးရှင်
ညီမက အထက ၁ ဟုမ္မလင်း ကနေပြီးတော့မှ ဂုဏ်ထူး ၄ ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ ၂ ထပ်ကွမ်း လူရည်ချွန်တစ်ယောက်ဖြစ်ပါတယ်။ Grade 12 ကာလအတွင်းမှာဆိုရင် ဆရာတွေ ချမှတ်ပေးခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လမ်းညွှန်ချက်တွေအတိုင်း အချိန်ဇယားတွေအတိုင်းကို သေသေချာချာ လိုက်လုပ်ဖြစ်ခဲ့ပါတယ်ရှင့်။ အရာရာတိုင်းမှာလည်း တစ်နေ့စာတစ်နေ့ကို ပုံမှန် ၆ ဘာသာလုံးကို မျှမျှတတနဲ့ လေ့လာဖြစ်ခဲ့ပါတယ်ရှင့်။ ညီမအနေနဲ့ကတော့ ပထမဆုံး ရည်မှန်းချက်ကတော့ ဆရာဝန်တစ်ယောက် ဖြစ်ချင်တာပေါ့နော်။ ပြီးတော့မှ ဒီဆရာဝန်ကနေပြီးတော့မှ ပရဟိတလုပ်ငန်းတွေ ဆေးပညာအခြေပြုပြီးတော့မှ လူကုန်ကူးခံရမှုနဲ့ ပတ်သက်တဲ့ ပရဟိတလုပ်ငန်းတွေလည်း လုပ်ချင်ပါတယ်ရှင့်။ ပထမဆုံးအနေနဲ့ ဒီခရီးစဉ်ကို စီစဉ်ပေးတဲ့ လူကြီးတွေကို ကျေးဇူးတင်စကား ပြောချင်ပါတယ်ရှင့်။ ဘာလို့လဲဆိုတော့ ကျွန်မတို့လိုမျိုး ကျောင်းသားတွေကို အထူးတလည် အခွင့်အလမ်းပေးပြီးတော့မှ နိုင်ငံသစ်မှာ အတွေ့အကြုံသစ်တွေ ဗဟုသုတအသစ်တွေကို ရှာဖွေခွင့်ပေးတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်ရှင့်။ ဒီဗီယက်နမ်နိုင်ငံဟာ နည်းပညာတိုးတက်တဲ့နိုင်ငံဖြစ်လို့ ဒီနိုင်ငံရဲ့ တိုးတက်နေတဲ့ နည်းပညာတွေကို ပထမဦးဆုံး လေ့လာချင်ပါတယ်ရှင့်။ နောက်ပြီးတော့မှ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ရှေးဟောင်းဗိသုကာ လက်ရာတွေကို လေ့လာချင်ပါတယ်ရှင့်။
ဒုတိယတပ်ကြပ် ပြည့်ဖြိုးသူ
(၃)ဘာသာဂုဏ်ထူးရှင်
ကျွန်တော် အမှတ် ၂ ပညာရေးကျောင်း မိတ္ထီလာမြို့မှ ပထဝီ၊ သမိုင်း၊ ဘောဂ ဂုဏ်ထူး ၃ ဘာသာဖြင့် အောင်မြင်ခဲ့ပါတယ်။ နှစ်စကနေစပြီးတော့ စာကိုပဲ တစိုက်မတ်မတ် သေချာ အာရုံစိုက်ပြီးတော့ ကြိုးစားခဲ့ပါတယ်ဗျ။ လက်ရှိခရီးစဉ်မှာတော့ ကျွန်တော်တို့ အဓိကအနေနဲ့ကတော့ နည်းပညာပိုင်းတွေကို လေ့လာသွားမှာဖြစ်ပါတယ်။ နိုင်ငံတော် တပ်မတော်နဲ့ ပြည်သူတို့အတွက် အားကိုးအားထားရတဲ့ တပ်မတော်သားကောင်း တစ်ယောက် ဖြစ်လာဖို့ ရည်မှန်းထားပါတယ်ခင်ဗျ။


