တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ နှင့် ၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်
နေပြည်တော်၊ အောက်တိုဘာ -၁၆
(၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်အားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ ၊လေ) ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံး အကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၆ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ အလွတ်တန်းအဆင့် ဗိုလ်လုပွဲအဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်ကြသည်နှင့်အညီ တစ်ဖက်နှင့် တစ်ဖက် အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြရာ ပထမပိုင်း ပွဲကစားချိန်အပြီး နာကျင်အချိန်ပို ၂ မိနစ်တွင် ရန်ကုန်တိုင်း စစ်ဌာန ချုပ်ကိုယ်စားပြုအသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြု အသင်းကို ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့သည်။
ဆက်လက်၍ ပွဲချိန်ဒုတိယပိုင်းကို အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားကြ ရာ ပွဲကစားချိန် ၅၄ မိနစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြု အသင်းကို ၂ ဂိုး - ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ အစီအစဉ်အရ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့နှင့်အတူ စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့၊ အားကစားအသင်း ၁၇ သင်းမှ အားကစားသမားများ၊ တံခွန်စိုက်ဒိုင်းဆုရရှိသည့် အသင်းများမှ အုပ်ချုပ်သူ နည်းပြများနှင့် အားကစားသမားများ၊ ဆုရရှိကြသည့် ဘောလုံးအသင်းများက ဇေယျာသီရိတပ်မတော်အားကစားကွင်းအတွင်း ဝင်ရောက် နေရာယူကြသည်။
ယင်းနောက် ဆုများပေးအပ်ချီးမြှင့်ကြရာ တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံး ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးဆုရရှိကြသူများ၊ အသန့်ရှင်းဆုံးဆုရရှိသည့် အသင်းနှင့် ပွဲစဉ်တလျောက်အကောင်းဆုံး ဆုရရှိကြသည့် အားကစားသမားများအား စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင် ကလည်းကောင်း၊ တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသည့် နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်း အား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်း က လည်း ကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် တပ်မတော် (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်း က တစ်ဦးချင်း ဆုတံဆိပ်များ၊ ပထမဆုဖလား၊ ဆင့်ပွားဖလား နှင့် ငွေသားဆုများကို လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၃၃) ခု၊ ငွေတံဆိပ် (၃၁) ခု နှင့် ကြေးတံဆိပ် (၄၆) ခုဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်း တတိယဆု ရရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း က တံခွန်စိုက်ဒိုင်း (တတိယဆု) နှင့် ငွေသားဆုများကို လည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က ၂၀၂၆ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၃၇) ခု၊ ငွေတံဆိပ် (၅၀) ခု နှင့် ကြေးတံဆိပ် (၆၃) ခု ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်း ဒုတိယဆု ရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား တံခွန်စိုက်ဒိုင်း (ဒုတိယဆု)နှင့် ငွေသားဆုများပေးအပ် ချီးမြှင့်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က ၂၀၂၆ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၅၇) ခု၊ ငွေတံဆိပ် (၅၀) ခု နှင့် ကြေးတံဆိပ် (၄၇) ခုဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဒိုင်း ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုအသင်း အား တံခွန်စိုက်ဒိုင်း (ပထမဆု) နှင့် ငွေသားဆုများပေးအပ် ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော် အဖွဲ့၊ အားကစားအသင်း (၁၇) သင်းနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း အဖွဲ့တို့က စစ်ကြောင်းပုံဖြင့်ချီတက်၍ လက်ဝှေ့ရမ်းနှုတ်ဆက်ပြီး ဇေယျာသီရိ တပ်မတော်အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာ၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ပြန်လည်လက်ပြနှုတ်ဆက်ကြသည်။
ထိုသို့ ချီတက်ထွက်ခွာနေချိန်တွင် (၆၃) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား (ကြည်း၊ရေ၊လေ) ဘောလုံးပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်ခြင်း အထိမ်း အမှတ်အဖြစ် မီးရှူး၊ မီးပန်းများကို ဂုဏ်ပြုပစ်ဖောက်ခဲ့ပြီး အခမ်းအနားကို အောင်မြင် စွာ ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(၁၀၀)












