ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA(၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက လာရောက်ဂါရဝပြုတွေ့ဆုံ
နေပြည်တော်၊ အောက်တိုဘာ - ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ NCA(၁၁)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည့် NCA လက်မှတ်ရေးထိုးရာတွင်ပါဝင်ခဲ့သော ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင် များ၊ ကိုယ်စားလှယ်များက ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော်၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက် တို့တက်ရောက်ကြပြီး NCA(၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ် စောရွှေဝ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)ဥက္ကဋ္ဌ ကျာဆော်လမွန်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နိုင်အောင်မငေး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) အတွင်းရေးမှူး စဝ်စိုင်းငင်း၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အတွင်းရေးမှူး(၁) စောကျော်ညွန့်၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) ဗဟိုကော်မတီ ဝင် စဝ်နော်လိတ်၊ ရှမ်းနီအမျိုးသားများ ညီညွတ်ရေးကောင်စီဥက္ကဋ္ဌ စဝ်ဆေခွန်းအောင် တို့ တက်ရောက်ကြသည်။
ဦးစွာနိုင်ငံတော်သမ္မတက ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေဖိုးနှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များအား တစ်ဦးချင်းရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတကပြောကြားရာတွင် ယခုကဲ့သို့တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည် နေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက် ကြောင်းနှင့် ကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် ယခင်မိမိတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန် ထမ်းဆောင်စဉ်မှစ၍ ရင်းရင်းနှီးနှီးရှိခဲ့ကြသူများဖြစ်ပြီး ထိုအချိန်မှ စတင်၍ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း။
လက်ရှိအချိန်တွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှတစ်ဆင့် ထွက်ပေါ်လာသည့်လွှတ်တော်နှင့် ရွေးကောက်ခံအစိုးရတို့က နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို လိုလားကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် သဘောတူလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တပ်မတော်နှင့် နိုင်ငံရေးအစုအဖွဲ့များ ဆွေးနွေးထား သည့်သဘောတူညီချက် ၄၃ ချက်ကိုလည်း လွှတ်တော်တွင် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းကာလ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တွင် ဆွေးနွေးသဘောတူခဲ့သည့် ပြည်ထောင်စုသဘောတူညီချက် (Union Accord) အပိုင်း ၁ ၊ ၂ နှင့် ၃ တို့နှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် NCA လက်မှတ်ရေးထိုးခြင်း (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အစည်းအဝေးကို ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ ကျင်းပနိုင်ခဲ့မှုအပေါ်လည်း မိမိအနေဖြင့်လှိုက်လှိုက်လှဲလှဲဖြင့်ဝမ်းမြောက်ပါကြောင်း၊ မိမိတို့နိုင်ငံ အမှန်တကယ်ငြိမ်းချမ်းရေးရရှိရန်လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း။
မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှ စ၍ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘီလာရုစ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံသို့ ယင်းနိုင်ငံ များမှ အကြီးအကဲများ၏ ဖိတ်ကြားချက်များအရ နိုင်ငံတော်အဆင့်ခရီးစဉ်များ သွား ရောက်ခဲ့ကြောင်း၊ ထိုသို့သွားရောက်ချိန်တွင် အဆိုပါနိုင်ငံများ၏ တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်ခဲ့ရကြောင်း၊ ၎င်းတို့အနက် ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ယခင်ကပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများရှိခဲ့သော် လည်း ယင်းပဋိပက္ခများချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ခဲ့ကြပြီးနောက် နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် အခက်အခဲများအကြားမှ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခုအခါတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများဖြစ်လာနေသည်ကို မိမိတို့ အနေဖြင့် သင်ခန်းစာယူဖွယ်တွေ့မြင်ရကြောင်း၊ မိမိတို့နိုင်ငံကိုလည်း တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ထို့ကြောင့် ၎င်းတို့၏တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာမှုများကိုအတုယူ၍ ဆောင်ရွက်သွားကြမည်ဆိုပါက မိမိတို့နိုင်ငံ အနေဖြင့်လည်း တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲမသွေဖြစ်ပါ ကြောင်း။
မိမိတို့နိုင်ငံတွင် ဒီမိုကရေစီပထမအစိုးရသက်တမ်းကာလတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးရန်စတင်ဖိတ် ခေါ်ခဲ့သည့်နေ့မှစ၍ လက်မှတ်ရေးထိုးသည်အထိ ၄ နှစ်ကျော်ကာလအတွင်း တွေ့ဆုံ ညှိနှိုင်းမှုအကြိမ်ရေ ၅၀၀၀ ကျော်အထိရှိခဲ့ကြောင်း၊ မိမိတို့အစိုးရတာဝန်ယူချိန် ၅ နှစ် အတွင်း ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်သွားမည်ဟု မိမိ အနေဖြင့် လွှတ်တော်၌ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လက်တွဲဆောင်ရွက်၍ရသည့်သူများဖြင့် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပြီး လက်တွဲဆောင်ရွက်၍ မရသူများကိုလည်း မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက် သွားမည်ကို နည်းလမ်းရှာဖွေဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဖြစ်ချင်သည်များကို ပြောကြားနေမည့်အစား ဖြစ်နိုင်သည်နှင့်ဖြစ်သင့်သည်များကို ပြောကြားရန် မိမိအနေ ဖြင့် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ယခုတက်ရောက်လာကြသူများသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များဖြစ်ကြပြီး မိမိအနေ ဖြင့် အသိအမှတ်ပြုလေးစားကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် မဖြစ်မနေလိုအပ်လျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးပြတ်အောင်ဆောင်ရွက်နိုင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ သို့မှသာနိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်နိုင်ပြီး မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးကိုရှေးရှု၍ ယနေ့တွင်ကျရောက်သည့် NCA(၁၁)နှစ်မြောက် နှစ်ပတ်လည် နေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်သည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် တစ်ဦးတစ်ဖွဲ့ချင်းစီအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စား လှယ်ခေါင်းဆောင်များက ယခုကဲ့သို့ (NCA) (၁၁)နှစ်မြောက်အခါသမယတွင် နိုင်ငံ တော်သမ္မတကြီးနှင့် တွေ့ဆုံရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်သည့်အခြေအနေ များနှင့် NCA လက်မှတ်ရေးထိုးမှုမှစတင်ခဲ့သည့်လမ်းကြောင်းအတိုင်း ပြည်တွင်းငြိမ်း ချမ်းရေးရရှိရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ငြိမ်းချမ်းမှုရရှိရေးသည် နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်နေသည့် ကိစ္စရပ်ဖြစ် ပြီး ငြိမ်းချမ်းမှုရရှိမှသာလျင် ဖွံ့ဖြိုးတိုးတက်မှုများသည်လည်းဖြစ်ပေါ်လာမည်ဖြစ်သည့် အခြေအနေများ၊ ပြည်သူလူထုများအနေဖြင့်လည်း ငြိမ်းချမ်းရေးကိုဗန်းပြ၍ လက်နက် ကိုင်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြသည်ကို တစ်စတစ်စ မျက်ဝါး ထင်ထင်တွေ့မြင် သိရှိနားလည်သဘောပေါက်လာကြပြီး လက်နက်ကိုင်လမ်းစဉ်ကို တိုင်းရင်းသားပြည်သူလူထုက ထောက်ခံမှုမရှိကြတော့သည့် အခြေအနေများ၊ လက်ရှိ နိုင်ငံတော်အစိုးရမှရှေ့ဆောင်၍ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်း ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့် လည်း အမှန်တကယ်ငြိမ်းချမ်းမှုကိုလိုလားကြသည်ဆိုပါက တွေ့ဆုံဆွေးနွေးမှုများကို လာရောက် ဆောင်ရွက်ကြရန်လိုအပ်သည့်အခြေအနေများ၊ တိုင်းရင်းသားဒေသများ၌ ငြိမ်းချမ်းရေးရရှိလိုသူများနှင့် တိုက်ပွဲဖော်ဆောင်လိုကြသူများဟူ၍ နှစ်ပိုင်းကွဲနေမှုများ လည်းရှိနေကြပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားပြီး အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်လိုသည့် ပြည်သူများနှင့်အတူတကွ ပူးပေါင်းပြီး ပြည်တွင်း ငြိမ်းချမ်းမှုရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန်လိုအပ် သည့်အခြေအနေများ နှင့် ပတ်သက်၍ အသီးသီးဆွေးနွေးပြောကြားကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိတို့အစိုးရ အနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ဖြစ်အောင် ဆောင်ရွက်ရန်နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်သွားရန်တို့ကို ချမှတ်အကောင် အထည် ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးသည်လည်း ပါဝင်လာရမည်ဖြစ်ပြီး ဖြစ်လိုသည်များထက် ဖြစ်သင့်ဖြစ်ထိုက်သည်များကို တောင်းဆိုသွားကြရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆောင်ရွက်နိုင်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် ပညာတတ် များပေါကြွယ်ဝရန် အဓိကလိုအပ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ကြရာတွင် အဆင့်မြင့်ပညာအရည်အချင်းနှင့် အသက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်သည့်ပညာရှင်များစွာကို လိုအပ်ကြောင်း၊ အတန်းပညာမြင့်မားလာ သည်နှင့်အမျှ စာပေများဖတ်ရှုလာနိုင်ပြီး စာဖတ်မှသာလျင် အသိပညာဗဟုသုတနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့ တိုးတက်လာမည်ဖြစ်ကြောင်း၊ စဉ်စားဆင်ခြင်ဉာဏ်ရှိသူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ငြိမ်းချမ်းရေးကိုလိုလားကြပြီး စဉ်းစားဆင်ခြင်ဉာဏ်မရှိသူများအနေဖြင့် လက်နက် ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ဖြင့် အကြမ်းဖက်မှုများကို လုပ်ဆောင်ကာ မိမိတို့ဒေသ၊ လူမျိုးဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးနေကြကြောင်း၊ နိုင်ငံ့အနာဂတ်အတွက်အရေးကြီး သည့် ပညာရေးအခြေခံအဆောက်အဦများကိုလည်း ဖျက်ဆီးခဲ့ကြသဖြင့် အချို့သော ဒေသများတွင် ကျောင်းများပိတ်ထားကြရကြောင်း၊ ပညာတတ်များပေါကြွယ်မှသာ လျင် ဒေသ၏ လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ဒေသအလိုက်ပညာတတ်များ များပြားလာအောင်ဆောင် ရွက်သွားကြရန်လို ကြောင်း။
မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ခိုင်ခိုင်မာမာဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက်အခမ်းအနားသို့ ပေးပို့ပြောကြား ခဲ့သည့် မိန့်ခွန်းတွင်လည်း မိမိတို့နိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ရောယှက်နေထိုင်ကြပြီး ဥပမာအားဖြင့် ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာနေထိုင်လျက်ရှိပြီး ကချင် ပြည်နယ်တွင်လည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာနေထိုင်လျက်ရှိသည်ကို ဥပမာ ထား၍ ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ယင်းဒေသတွင် နေထိုင်ကြသည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှု ဖြစ်သည်ဟူသည့်သဘောထားကို အလေးထားကြရန်လိုပြီး ပြည်ထောင်စု စိတ်ဓာတ် ကို မွေးမြူကြရန်လိုကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်ကိုစိတ်ရင်းအမှန်ဖြင့် ငြိမ်းချမ်းမှု ရရှိစေလိုကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်နှင့် နိုင်ငံသား တို့ကို ကာကွယ်နေသည့် တပ်မတော်သာဖြစ်စေလိုကာ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအကိုများ အချင်းချင်းတိုက်ခိုက်နေရသည့် တပ်မတော်မဖြစ်စေလိုကြောင်း။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့အားလုံး ညီညီ ညွတ်ညွတ်ဖြင့်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် စုစည်း ညီညွတ်သည့်အားဖြင့်ကြိုးပမ်း ဆောင်ရွက်နေသည့်အချိန်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အကောင်အထည်ဖော်ရန်အတွက် အကောင်းဆုံးအချိန်အခါကောင်းပင်ဖြစ် ကြောင်း၊ သို့ဖြစ်၍ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ဆွေးနွေး ဆောင်ရွက်ကြရာ တွင် မိမိတို့ဖြစ်လိုသည့် စိတ်ဆန္ဒတစ်ခုတည်းကိုသာကြည့်၍ ဆောင် ရွက်နေမည့် အစား ပြည်ထောင်စုအကျိုးကိုကြည့်၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးထားတိုက်တွန်းလိုပါကြောင်း။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးရယူပြီးပါက နိုင်ငံ ရေးတွင်ပါဝင်ဆောင်ရွက်လိုပါက ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ပါတီတည်ထောင်၍ ဆောင်ရွက်သွားရန်၊ စီးပွားရေးလုပ်ဆောင်လိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်၊ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင် လိုပါက တပ်မတော်နှင့်ပူးပေါင်း၍ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် တာဝန်ထမ်းဆောင် ရန်နှင့် သာမန်အရပ်သားပြည်သူများကဲ့သို့ အေးချမ်းစွာဖြင့်နေထိုင်လိုပါကလည်း ဥပဒေအကာအကွယ်အောက်တွင် လုံခြုံစွာဖြင့် နေထိုင်သွားနိုင်သည်ကို မိမိအနေဖြင့် ယခင်ကတည်းက ပြောကြားပြီးဖြစ်ကြောင်း။
ထို့ပြင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ နှင့် မူးယစ်ဆေးဝါးကိစ္စများနှင့် ပတ်သက်၍လည်း ကင်းရှင်းကြရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် မူးယစ် ဆေးဝါးကိစ္စရပ်များနှင့် ပတ်သက်လာပါက လုံးဝသည်းခံမည်မဟုတ်ဘဲ ဥပဒေပြဌာန်း ချက်များနှင့်အညီ အလေးထားတိုက်ဖျက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် လက်ရှိအချိန်သည် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားရန် အကောင်း ဆုံးအခြေအနေသို့ ရောက်ရှိနေသည်ဖြစ်သည့်အတွက်အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတက ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေဖိုးနှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)




