NCA (၁၁) နှစ်မြောက် နှစ်ပတ်လည့်နေ့အခမ်းအနားတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က Video Message ဖြင့် ပြောကြားသည့် အဖွင့်မိန့်ခွန်း ( ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် )
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအကို မောင်နှမများ ခင်ဗျာ
ဒီကနေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ချုပ်ဆိုနိုင်ခဲ့တာ (၁၁)နှစ်မြောက် တဲ့၊ မင်္ဂလာရှိတဲ့နေ့ပဲ ဖြစ်ပါတယ်။ အခုလို အချိန်အခါသမယမှာ သဘောတူစာချုပ် စတင်လက်မှတ်ရေးထိုးချိန်က ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံတကာ အသိသက်သေများ၊ ပြည်တွင်း အသိ သက်သေများ၊ ပြည်ထောင်စုကြီးအတွင်းမှာရှိကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ယနေ့ကျရောက်တဲ့ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ဟာ နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အနာဂတ်ငြိမ်းချမ်းရေး လမ်းကြောင်းအတွက် အရေးပါတဲ့ သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်ပါ တယ်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ နိုင်ငံတော် အစိုးရ၊ တပ်မတော်နဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဟာ အခက်အခဲနဲ့ စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို စတင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ NCA ဟာ သာမန်အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မျှသာ မဟုတ်ဘဲ နှစ်ပေါင်း ၇၀ ကျော် ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာဖို့ သဘောတူညီခဲ့ကြတဲ့ သမိုင်းဝင်နိုင်ငံရေး ကတိကဝတ် တစ်ရပ်လည်း ဖြစ်ပါတယ်။
အတိတ်က အတွေ့အကြုံတွေအရ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေအတွက် ဆုံးရှုံးနစ်နာမှုတွေကိုသာ ဖြစ်ပေါ်စေခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝတွေကိုလည်း ထိခိုက်စေခဲ့ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ နိုင်ငံရဲ့သမိုင်းကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင်လည်း အမျိုးသားစည်းလုံး ညီညွတ်မှုအားနည်းခြင်းဟာ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့တာကိုလည်း တွေ့ရှိရမှာဖြစ်ပါ တယ်။
ယနေ့အချိန်မှာလည်း နိုင်ငံတော်အနေနဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကြားက ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ရှေ့ဆက်ပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိအောင် အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ
NCA စာချုပ်ဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ လိုက်လျောမှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ ငြိမ်းချမ်းရေးလိုလားမှုတွေကို ဖော်ပြထားတဲ့ သမိုင်းဝင် သဘောတူညီချက်တစ်ရပ် ဖြစ်ပါတယ်။ ဒီစာချုပ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံအုတ်မြစ်ဖြစ်သလို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း အရေးပါတဲ့ နိုင်ငံရေးမူဘောင် တစ်ခုလည်း ဖြစ်ပါတယ်။
NCA စာချုပ်ကို တစ်ဦးတစ်ဖွဲ့တည်းက ရေးဆွဲခဲ့တာ မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကနဦး အဆိုပြုချက် တွေအပေါ် အခြေခံပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းကာ သဘောတူရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ဖိတ်ခေါ်တဲ့နေ့ကစပြီး NCA ရရှိခဲ့တဲ့အထိ ရက်ပေါင်း ၁,၄၅၀ အတွင်း အစည်းအဝေးနဲ့ တွေ့ဆုံညှိနှိုင်းမှု အကြိမ်ရေ ၅,၀၀၀ ကျော် ပြုလုပ်ခဲ့ကြတဲ့ ရလဒ်လည်း ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ KNU ၊ DKBA ၊ KNU/KNLA-PC ၊ CNF ၊ PNLO ၊ ABSDF ၊ ALP နဲ့ RCSS စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က NCA ကို စတင် လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့မှ သံတမန်တွေ၊ ပြည်တွင်းအသိသက်သေတွေ ရှေ့မှောက်မှာ ကျင်းပ ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ LDU နဲ့ NMSP တို့ ထပ်မံလက်မှတ် ရေးထိုးခဲ့ကြတဲ့အတွက် NCA မှာ ပါဝင်လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့အထိ ရှိလာခဲ့ပါတယ်။
NCA ရဲ့ အနှစ်သာရကတော့ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ် ထားပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ကို အခြေခံ ပြီးတော့မှ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန် ခွင့်တို့ကို အာမခံတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်သူ အားလုံး အနေနဲ့ ရှိပြီးသားကတိကဝတ်တွေကို အလေးထားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
NCA ဟာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် တစ်ခုသာ မဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ချမှတ်ထားတဲ့ လုပ်ငန်းမူဘောင်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ရှိပြီးသား NCA သဘောတူညီချက်တွေကနေ သွေဖည်ခြင်းမရှိဘဲ NCA လမ်းကြောင်း ကို ဆက်လက်အကောင်အထည်ဖော်သွားကြဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲ ကြီးမားတဲ့ပြဿနာတွေ ဖြစ်ပါစေ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာနိုင်မယ်ဆိုရင် ပဋိပက္ခတွေကို လျှော့ချနိုင် မှာလည်းဖြစ်ပါတယ်။ သဘောထားကွဲလွဲမှု၊ သံသယနဲ့ မယုံကြည်မှု တွေ ရှိနေရင်တောင် ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံညှိနှိုင်းမှုကို လက်ခံကျင့်သုံးကြမယ်ဆိုရင် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ
ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသားစည်းလုံးညီညွတ် ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီတို့ကို ပြင်ဆင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် ဗဟိုကော်မတီရဲ့ ကြေညာချက်အမှတ် ၁/၂၀၂၆ ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ကြိုတင် ကန့်သတ် ချက်မထားတဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေသာမက လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခဲ့တဲ့ KNU ၊ CNF နဲ့ ABSDF အဖွဲ့တို့ကို လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ကြဖို့ ထပ်မံဖိတ်ခေါ်လို ပါတယ်။
အလားတူ PDF အမည်ခံအဖွဲ့များအနေနဲ့လည်း နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ တိုက်တွန်းလို ပါတယ်။ ဒီမိုကရေစီကို လိုချင် တယ်ဆိုရင် စည်းကမ်းရှိတဲ့ဒီမိုကရေစီ၊ အကြမ်းမဖက်တဲ့ လုပ်ရပ်များ နဲ့သာသွားရမှာဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်ပြီးလုပ်ကြစေလိုပါ တယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကို ထိရောက်စွာ ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ ရှေ့က ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် နောက်ကအဖျက်လုပ်ငန်းတွေ ဆက်လက် ဖြစ်ပွားနေမယ်ဆိုရင် “သမင်မွေးရင်း၊ ကျားစားရင်း” ဆိုသလိုရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာမှာ မဟုတ်ပါ ဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မိမိတို့ဖြစ်ချင်တာတွေ ကိုသာ ဦးစားပေးတောင်းဆိုနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ ဖြစ်နိုင်တာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပူးပေါင်းဆောင်ရွက် ကြဖို့ တိုက်တွန်းလိုပါတယ်။
ယခင်ကာလတွေမှာလည်း NCA နှစ်ပတ်လည်နေ့အခမ်း အနားတွေ၊ ငြိမ်းချမ်းရေးစကားဝိုင်းတွေ၊ ငြိမ်းချမ်းရေးဖိုရမ်တွေနဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်တွေကို ကျင်းပခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံ ညှိနှိုင်း သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ အချက် ၄၃ ချက်အပြင် ယခင် အစိုးရနှစ်ဆက်လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးသဘောတူခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၁ ၊ ၂ နဲ့ ၃ တို့လည်း ရှိပါတယ်။ အဲ့ဒီ သဘောတူညီချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေး အတည်ပြုပြီး အပိုင်းလိုက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
NCA မှာ လက်မှတ်ရေးထိုးဖို့ကျန်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ပါဝင်လက်မှတ်ရေးထိုး နိုင်ရေးအတွက် ဆက်လက်ဖိတ်ခေါ်ညှိနှိုင်းသွားမှာလည်း ဖြစ်ပါ တယ်။ တိုင်းရင်းသားအားလုံး ဒီမိုကရေစီအခွင့်အရေးတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်ရေးနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အတူ တကွ လျှောက်လှမ်းနိုင်ရေးဟာ အရေးကြီးပါတယ်။
တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ
ကျွန်တော်တို့အစိုးရအနေနဲ့ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အများဆန္ဒကို လေးစားရသလို လူနည်းစုရဲ့ဆန္ဒနဲ့ အခွင့်အရေးတွေကိုလည်း အလေးထားဖို့ လိုအပ်ပါတယ်။ မိမိနဲ့ သဘောထားမတူညီသူတွေကို ရန်သူအဖြစ် သတ်မှတ်တာ၊ ခွဲခြားဆက်ဆံတာနဲ့ လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်တာတို့ဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီပါဘူး။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ရှောင်ရှားပြီး အမျိုးသား စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။
ဖက်ဒရယ်စနစ်ဆိုတာ မတူကွဲပြားတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေနဲ့ လူမျိုးစုတွေ စုစည်းနေထိုင်ကြတဲ့ ပြည်ထောင်စု အတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးအာဏာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ခွဲဝေကျင့်သုံးခြင်း ဖြစ်ပါတယ်။ ဒီလိုအာဏာခွဲဝေမှုကတစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဥပဒေပြုခွင့်နဲ့ ကိုယ်ပိုင်တရား စီရင်ခွင့်တို့ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ရောယှက်နေထိုင်ကြတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အမည်နာမအားဖြင့် သတ်မှတ်ထားတဲ့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာရှိပြီး ကချင် ပြည်နယ်မှာလည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ပြည်နယ်တစ်ခုဟာ လူမျိုး တစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေး ထားဖို့လိုပါတယ်။ ဒေသအတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြု နိုင်မယ့် ပြည်နယ်အမည် သတ်မှတ်ရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံး ညီညွတ်ရေးကိုရှေးရှုပြီး အားလုံးဝိုင်းဝန်း စဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါရှိတဲ့ ဖက်ဒရယ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ထိရောက်စွာ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ပြည်သူများနဲ့ အဖွဲ့အစည်းအားလုံး အကျိုးတူပူးပေါင်းပါဝင်ကြဖို့ လိုအပ်ပါတယ်။
တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ
လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တွေ့ဆုံဆွေးနွေးမှုတွေကို အပိုင်း ၄ ပိုင်းခွဲပြီး ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ အလွတ်သဘောနဲ့ တရားဝင်ဆွေးနွေးမှုတွေကို လိုအပ်သလို ပြုလုပ်သွားမှာဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရေး အတွက် Bilateral ဆွေးနွေးပွဲတွေကိုလည်း ဆက်လက်ကျင်းပ သွားမှာ ဖြစ်ပါတယ်။ ထို့အပြင် NCA အရ တရားဝင်အစည်းအဝေး များနဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးအထိ ညှိနှိုင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်တဲ့ လုပ်ငန်းစဉ်တွေကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ တွေ့ဆုံ ဆွေးနွေးအဖြေရှာတဲ့ ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံးရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး မဟာဗျူဟာတွေ ချမှတ်ရေး၊ ငြိမ်းချမ်းရေးနဲ့အတူ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးနဲ့ လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုဖြစ်စေတဲ့ အကြောင်းအရာတွေကို သုတေသနပြုပြီး ကာကွယ်တားဆီးရေးတို့ပဲ ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ လုပ်ငန်း ကော်မတီက လိုအပ်တဲ့အချိန်ဇယားနဲ့ မဟာဗျူဟာတွေ ချမှတ် ပေးပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဟာ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် ဟန်ချက်ညီညီ ဆောင်ရွက် ကြဖို့လည်း လိုအပ်ပါတယ်။
တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ
ကျွန်တော်တို့ အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ ကာလအတွင်း မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဦးစားပေးဆောင်ရွက်ခဲ့ ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ၊ လက်မှတ် ရေးထိုးပြီး တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ရသေးတဲ့အဖွဲ့တွေ၊ လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သက်ဆိုင်ရာကော်မတီတွေကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ မြေပြင်လိုအပ်ချက်တွေအပေါ် အခြေခံကာ ညှိနှိုင်းဆောင်ရွက်ခဲ့ကြ ပါတယ်။
ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ ရေတိုအတွက်သာ မဟုတ်ပါဘူး။ သားစဉ်မြေးဆက် လူငယ်တွေအတွက် တည်ငြိမ်တဲ့ အနာဂတ်၊ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာ့အဆင့်မီနိုင်ငံ တစ်ခုကို လက်ဆင့်ကမ်းအမွေပေးနိုင်ဖို့ အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျာ
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ အနာဂတ်ဟာ တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်ပဲ ဖြစ်ပါတယ်။ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး အနာဂတ်မျိုးဆက်သစ်တွေအတွက် တည်ငြိမ် အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်ခိုင်မာမာ ဖြစ်ဖို့တို့ကို အမွေအနှစ်အဖြစ် ပေးအပ်နိုင်ဖို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများနဲ့ ပြည်သူအားလုံးအနေနဲ့ သဘောထားကွဲလွဲမှုတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်း မယ့်အစား နိုင်ငံနဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ခွဲခြားစဉ်းစားပြီး ဖြစ်နိုင်တာတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြမှသာ ရှေ့ကိုတက်လှမ်းနိုင်မှာဖြစ်ပါ တယ်။
အားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် တည်ငြိမ်အေးချမ်းမှုနဲ့အတူ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကိုလိုလားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများနဲ့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို နိုင်ငံတော် အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေမှာ ပူးပေါင်းပါဝင်ကြဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်။
NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့မှသည် နိုင်ငံတော် တစ်ဝန်း ထာဝရငြိမ်းချမ်းရေးရရှိပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ပါ စေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါတယ်။
