‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ ‎‌နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၅

Friday, October 16, 2026 - 08:00

 

‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

‎‌နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၅

 

မြန်မာ့သမိုင်းစဉ်ကာလတစ်လျှောက်တွင် အစဉ်အလာကြီးမားခဲ့သည့် ရှေ့ခေတ် မြန်မာ့တပ်မတော်၏ ဆောင်ရွက်ချက်များနှင့် အထွေထွေဗဟုသုတများကို လေ့လာနိုင် စေရန်၊လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်အတူ ယှဉ်တွဲပေါက်ဖွားလာသည့် မြန်မာ့ တပ်မတော်၏ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့မှုအခြေအနေများကို သိရှိစေရန်နှင့် လွတ်လပ်ရေးရရှိပြီးကာလနောက်ပိုင်းတွင် နိုင်ငံ၏လွတ်လပ်ရေး နှင့်အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲစေရေးအတွက် ခေတ်အဆက်ဆက် တပ်မတော်၏ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကိုလေ့လာသိရှိနိုင်ကာ လူငယ်လူရွယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊တိုင်းပြည်ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန်၊ ကျောင်းသား၊ကျောင်းသူလူငယ်များ ကျောင်းပြင်ပ အသိပညာဗဟုသုတများစွာရရှိစေ ရန်နှင့်သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲလေ့လာ နိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင်ရွက် မှုဖြင့် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ လာရောက်လေ့လာ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

        ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့်  ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်ရှိအခြေခံပညာအထက်တန်းကျောင်း(အောင်သုခ)၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(ရေပြာ) တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ လာရောက်လေ့လာ ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော် (လေ)ပြင်ပပြကွက် တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သော တပ်မတော် လေယာဉ်များ၊တပ်မတော်(ရေ)ပြင်ပပြကွက်တွင်ခင်းကျင်းပြသထားသော စစ်ရေယာဉ် ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အမှတ် တရဓာတ်ပုံများ ရိုက်ကူးကြသည်။ 

ဆက်လက်၍ တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု့လေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကိုကြည့်ရှုကြသည်။  ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများအတွက် မုန့်များကို ပေးဝေခဲ့ကြသည်။

ယင်းနောက် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများသည် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ  လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ 

ထို့နောက် ယနေ့ လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ် နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။

ထိုကဲ့သို့ လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

ဘယ်လိုစီစဉ်ဆောင်ရွက်ခဲ့တာလဲဆိုတော့  လာရောက်လေ့လာမယ့်ကလေးတွေကို ကြိုတင်ပြီးတော့ အသိပေးရတယ်။ နောက်ပြီးတော့ သူတို့သွားလာရေးမှာ အဆင်ပြေဖို့အတွက် စားရေးသောက်ရေးကအစစီစဉ်ပေးရတယ်။ နောက်တစ်ခါ ဒီက ကားတွေရောက်တဲ့အခါမှာ အချိန်မီရောက်ရှိရေးအတွက် ကြိုတင်မှာကြားသင့်တာလေးတွေ မှာကြားရတယ်။ စည်းကမ်းတကျလေ့လာနိုင်ဖို့အတွက် ဘာတွေပြုမူရမယ်။ ဘာတွေမပြုမူရဘူး အစရှိသည်ဖြင့် အဲဒါလေးတွေလည်းမှာကြားရပါတယ်။ ကြည်း၊ ရေ၊ လေ နဲ့ပတ်သက်တဲ့ပြခန်းတွေအစုံပေါ့နော် အဲဒါတွေကို သူတို့တာဝန်ရှိတဲ့လူတွေက စီစဉ်ထားတဲ့အတိုင်း ကျွန်မတို့တစ်ခန်းပြီးတစ်ခန်းအဆင်ပြေစွာနဲ့ လေ့လာကြည့်ရှုခဲ့ရပါ တယ်။ ကလေးတွေက စာသင်ခန်းထဲမှာပဲ အမြဲတမ်းလေ့လာနေရတာထက် စာလို့ရှိရင် အခုလိုပတ်ဝန်းကျင်မှာထွက်ပြီးတော့ လေ့လာရတဲ့အခါကျတော့  သူတို့ပြင်ပဗဟုသုတ လေးတွေရတယ် ပြီးတဲ့အခါကျတော့ အခုလိုပြင်ပကိုထွက်ပြီးတော့ လေ့လာရတဲ့အခါမှာ ပိုပြီးတော့ လွတ်လပ်ပျော်ရွှင်တဲ့ခံစားချက်အရသာလေးတွေလဲခံစားရတယ်ပေါ့နော်။ နောက်ပြီးတော့ သူတို့ဒီကျောင်းသားဘဝမှာ အမှတ်တရတွေအနေနဲ့လည်း ဒီလေ့လာရေးခရီးစဉ်လေးက ကျန်ရစ်ခဲ့မယ်လို့လည်း ကျွန်မမျှော်လင့်ပါတယ်ရှင်။ ကလေးတွေအတွက် တန်ဖိုးရှိတဲ့ခရီးစဉ်လေးကို စီစဉ်ပေးတဲ့အတွက် ဒီထက်ပိုပြီးနောက်ထပ်နောက်ထပ်လည်း ဒီလိုခရီးစဉ်မျိုးလေးတွေ အများကြီးစီစဉ်ပေး နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်လို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင်