တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု ဖြစ်ပွားခဲ့သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၅
မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏အရှိန်ကြောင့် တနင်္သာတိုင်းဒေသကြီးအတွင်း မြေပြိုကျ၍ လမ်းပိတ်ဆို့မှု များဖြစ်ပွားခဲ့သည့် ထားဝယ် - လောင်းလုံး - ကျောက်နီမော် - ရှင်မော် လမ်းမကြီး ပေါ်ရှိ နေရာများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ကျေးရွာ ရပ်ကွက်များ၌ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများပါဝင်သော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် လူအင်အား၊ စက်ယန္တယား များအသုံးပြု၍ အပျက်အစီးများဖယ်ရှားခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်း၊ လမ်းပေါ်ရှိ မြေစိုင်ခဲများ ဖယ်ရှားခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသည်။
ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက လောင်းလုံးမြို့ဝန်း ကျင်ဒေသ ရှိ သဗျာ၊ ပညှင်း၊ ညှင်းမှော်၊ ပြင်းထိန်၊ ပိန်းရှောင်၊ စန်းလှမ်း၊ အင်းဇောက်၊ ပဉ္စသီမော် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

