၂ဝ၂၆ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ အားကစားနည်းများအလိုက် ဗိုလ်လုပွဲများနှင့် ဆုပေးပွဲများ ဆက်လက်ကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၁၄
တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများကို လက်ရွေးစင် အားကစား သမား များမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင် အားကစား သမားများအဖြစ် တက်လှမ်းနိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ် အားကစားသမား ကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပလျက်ရှိရာ ၂၀၂၆ခုနှစ် ၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းများနှင့် အားကစားရုံ များတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြပြီး အားကစားနည်းများအလိုက် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားများကို ကျင်းပပြုလုပ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ(A)၌ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ဝိတ်တန်းအလိုက် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဝိတ်တန်းအလိုက် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုရရှိသူများ၊ အကောင်းဆုံးနည်းပြဆုနှင့် အကောင်းဆုံးဒိုင်လူကြီး ဆုရရှိသူများ၊ အတန်းလိုက်အကောင်းဆုံး ကစားသမားဆု၊ အတိုက်ဝိတ်တန်းအလိုက် ဖလားရရှိသည့်အသင်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများက တစ်ဦးချင်းဆု၊ ငွေသားဆု နှင့် အသင်းလိုက်ဆုဖလားများကို အသီးသီးပေးအပ်ကြသည်။
ထို့နောက် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၉ ခု နှင့် ကြေးတံဆိပ် ၄ ခုဖြင့် တံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ် အသင်း အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူတစ်ဦးက တံခွန်စိုက်ဆုဖလားနှင့် ဆင့်ပွါးဖလားကို ပေးအပ်ချီးမြှင့်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ(B)၌ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပြိုင်ပွဲဝင်အားကစား အသင်းများမှ အားကစားသမားများ တက်ရောက် ကြည့်ရှုအားပေးသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ အမျိုးသား/အမျိုးသမီးနေရာအလိုက် အကောင်းဆုံးဆု၊ အကောင်းဆုံး ဘော်လီဘော အားကစားသမားဆု၊ စတုတ္ထဆု၊ တတိယဆုရရှိသည့်အသင်းများအား တပ်မတော်အရာရှိကြီးများနှင့်တာဝန်ရှိသူများက ငွေသားဆုနှင့် တစ်ဦးချင်းဆုများ အသီးသီးပေးအပ်ကြသည်။
ယင်းနောက် အမျိုးသား/အမျိူးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော အသင်းအား၊ တပ်မတော်ဘော်လီဘောကော်မတီဥက္ကဋ္ဌ က ငွေသားဆုနှင့် တစ်ဦးချင်း ဆုများ ပေးအပ်ချီးမြင့်သည်။ ဆက်လက်၍ ၂၀၂၆ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချူပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းစစ်ဌာနချူပ် အသင်းနှင့် အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)အသင်းတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တဝန်ရှိသူတစ်ဦးက တံခွန်စိုက်ဒိုင်းဆု ပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း ၊ (၃၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ(C)၌ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေး သည်။
ဦးစွာ ကီလိုတန်းအလိုက် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အားကစားနည်းများအလိုက် တစ်ဦးချင်း ဆုရရှိသူများနှင့် အမျိုးသား/ အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုရရှိသည့် အသင်းများအား မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တပ်မတော်အရာရှိကြီးများက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့်တံခွန်စိုက်ဒိုင်းဆုများ အသီးသီးပေးအပ် ကြသည်။
ယင်းနောက် မြန်မာသိုင်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၉ ခု၊ငွေတံဆိပ် ၈ ခု နှင့်ကြေးတံဆိပ် ၇ ခုဖြင့် စွယ်စုံတံခွန်စိုက်ဒိုင်းဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူတစ်ဦးက စွယ်စုံတံခွန်စိုက်ဒိုင်းဆုကြီးနှင့် ဆင့်ပွားဒိုင်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ စံပယ်(၆)အားကစားရုံ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ရိုးရာခြင်းလုံး ခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်နှင့် ရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့မှ တာဝန် ရှိသူများ၊ ပြိုင်ပွဲဝင်အား အားကစားသမားများ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက အခြေခံအထိ(၆)ချက်ပြိုင်ပွဲ၊ (၄)ပေါက်တန်း ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှုအားပေးသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆု၊ အသင်းလိုက်ဆုနှင့် တက်သစ်စ အကောင်းဆုံး အားကစားသမားဆု၊ အကောင်းဆုံး အားကစားသမားဆု၊ အတိုးတက်ဆုံး အသင်းဆု၊ ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုဆုများအား မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် နာယကနှင့် တာဝန်ရှိသူများက လည်းကောင်း၊ အခြေခံအထိ(၆) ချက်ပြိုင်ပွဲတွင် ပထမဆုရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်းနှင့် (၄)ပေါက်တန်းအဆင့် ပထမဆုရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) အသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူတစ်ဦးက လည်းကောင်း ဒိုင်းဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့ပြင် ညနေပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အား ကစားခန်းမ၌ တပ်မတော်(ကြည်း၊ရေ၊လေ) လက်ဝှေ့အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက် ကြည့်ရှုအားပေးသည်။
ဦးစွာ ကီလိုတန်းအလိုက် လူသစ်တန်း၊နှင့် အလွတ်တန်းအဆင့် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင် ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အလွတ်တန်း အဆင့်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များ၊ (က)အဆင့်ကစားသမားများ၊ (က)အဆင့် နှင့်အလွတ်တန်းအဆင့် အကောင်းဆုံး လက်ဝှေ့ကစားသမားဆုရရှိသူများ၊ လူသစ်တန်း ဒိုင်းဆု၊ (က)အဆင့်ဒိုင်းဆုနှင့်အလွတ်တန်းအဆင့် ဒိုင်းဆုရရှိသော အသင်းများကို တပ်မတော်အရာရှိကြီးများက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် အသင်းလိုက် ဆုဖလားများ အသီးသီးပေးအပ်ကြသည်။
ယင်းနောက် လက်ဝှေ့အားကစားပြိုင်ပွဲတွင်ရွှေတံဆိပ် ၆ ခု၊ငွေတံဆိပ်၄ ခုနှင့် ကြေးတံဆိပ် ၆ခုဖြင့် တံခွန်စိုက်ဒိုင်းဆုရရှိသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူတစ်ဦးက တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။






