တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၄
အနာဂတ်ကာလများတွင် နိုင်ငံတော်ကို ဦးဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက် များကို လေ့လာသိရှိထားခြင်းအားဖြင့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ လျှောက်လှမ်းမှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှုတို့ဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ကျောင်းကုန်း)နှင့် အမှတ်(၁၅) အခြေခံပညာအထက်တန်းကျောင်း(ဖြုတ်ခွဲ)တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော် (လေ)ပြင်ပပြကွက် တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သော တပ်မတော် လေယာဉ်များ၊တပ်မတော်(ရေ)ပြင်ပပြကွက်တွင်ခင်းကျင်းပြသထားသော စစ်ရေယာဉ် ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အမှတ် တရဓာတ်ပုံများ ရိုက်ကူးကြသည်။
ဆက်လက်၍ တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု့လေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကိုကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများအတွက် မုန့်များကို ပေးဝေခဲ့ကြသည်။
ယင်းနောက် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများသည် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။
ဆက်လက်၍ ယနေ့ လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ် နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။
ထိုကဲ့သို့ လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
တပ်မတော်စစ်သမိုင်းပြတိုက်ကို လေ့လာခွင့်ရတဲ့အတွက် ကျောင်းသူ၊ ကျောင်းသားများ အားလုံးဟာ မျိုးချစ်စိတ်တွေ ထက်သန်လာမယ်၊ နိုင်ငံချစ်စိတ်တွေ ထက်သန်လာမယ်၊ နိုင်ငံကို ကာကွယ်လိုတဲ့ စိတ်တွေဟာ ဧကန်မလွဲဖြစ်လာမှာ အမှန်ပါပဲ။ အခုလို ကျောင်းသူ၊ ကျောင်းသားများ အားလုံးကို လေ့လာခွင့်ရအောင် လမ်းညွှန်ပေးတဲ့ နိုင်ငံတော်သမ္မတကြီးနှင့် သမိုင်းပြတိုက်မှာရှိတဲ့ တာဝန်ရှိတဲ့ ဝန်ထမ်းများအားလုံးကိုလည်း ဒီနေရာကနေပြီးတော့ အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
ကျောင်းသူ
ပြတိုက်ကို လေ့လာတဲ့အခါမှာ တာဝန်ရှိလူကြီးတွေအားလုံးက အစစအရာရာ အသေးစိတ် ရှင်းပြတဲ့အတွက်ကြောင့်မို့လို့ သမီးတို့ ကျောင်းသင်ခန်းစာ သမိုင်းဘာသာရပ်ထဲက သင်ကြားရတဲ့ စာတွေကို အပြင်မှာ လက်တွေ့သိခွင့်ရတဲ့အတွက်ကြောင့်မို့လို့ ဗဟုသုတတွေ အများကြီးရရှိပါတယ်။ တာဝန်ရှိတဲ့ လူတွေအားလုံး ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့ သမီးတို့ ဒီလိုမျိုး လာရောက် လေ့လာခွင့်ရအောင် သွားရေးလာရေး အဆင်ပြေအောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူများအားလုံးကို လည်း ကျေးဇူးတင်ပါတယ်။


