တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၃

Tuesday, October 13, 2026 - 05:45

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

 

နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၃

 

‎ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းပြင်ပ အသိပညာ ဗဟုသုတများစွာရရှိစေရန်နှင့် သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန်၊ မြန်မာ့သမိုင်းစဉ်ကာလတစ်လျှောက်တွင် အစဉ်အလာကြီးမားခဲ့သည့် ရှေးခေတ်မြန်မာ့တပ်မတော်၏ ဆောင်ရွက်ချက်များနှင့် အထွေထွေဗဟုသုတများကို လေ့လာနိုင်စေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် နိုင်ငံ့အရေးအတွက် စွန့်လွှတ်ပေးဆပ်မှုများဖြင့် အားထုတ် ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သားများ၏ ဂုဏ်ယူဖွယ်ရာစွမ်းဆောင်ချက်များအား မြင်တွေ့လေ့လာမှုများမှ တစ်ဆင့်လူငယ်လူရွယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များတိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိအမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း (မင်္ဂလာဒီပ)နှင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)(ညောင်လူး)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော် (လေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များ၊ တပ်မတော်(ရေ) ပြင်ပပြကွက်တွင်ခင်းကျင်းပြသထားသော စစ်ရေယာဉ် ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။ 

ဆက်လက်၍ တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု့လေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကိုကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် မုန့်များကို ပေးဝေခဲ့ကြသည်။ 

ယင်းနောက် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများသည် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ  လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ 

ဆက်လက်၍ ယနေ့ လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ် နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။

ထိုကဲ့သို့ လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

“စစ်သမိုင်းပြတိုက်ကို လေ့လာရေးခရီးစဉ် လာရတဲ့အတွက် ကလေးတွေအတွက်လည်း ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေကို လေ့လာခွင့်ရတယ်။ စစ်ရေယာဉ်တွေ၊ လေယာဉ်ပျံတွေ အားလုံးကို ကလေးတွေက အနီးကပ်လေ့လာကြည့်ရှုခွင့်ရတဲ့အတွက် ကလေးတွေအတွက် အတိုင်း မသိ ပျော်ရွှင်ရပါတယ်။ အပြင်မှာ ဒါတွေဟာ မမြင်နိုင်ပါဘူး။ နေပြည်တော်မှာရှိတဲ့ စစ်သမိုင်းပြတိုက်မှာပဲ လာရောက်လေ့လာခွင့်ရတဲ့အတွက် အင်မတန် ကုသိုလ်ကံကောင်းတဲ့ ကလေးလေး တွေပါ။ ဒီစစ်သမိုင်းပြတိုက်က ရရှိသွားတဲ့ ဗဟုသုတလေးတွေကို သူတို့နောင်တစ်ချိန်မှာ ပြန်ပြီးတော့ သိရှိဖို့ပြောခွင့်ရတယ်။ ကျောင်းမှာဆိုရင်လည်း ပြန်ပြီးပြောပြခွင့်ရှိတယ်။ ဒီစစ်သမိုင်းပြတိုက်မှာ လေ့လာခဲ့ရတာလေးတွေကို နောက်တစ်ချိန်မှာ နောက်လာနောက်သားတွေကိုလည်း ပြောပြ ခွင့်ရှိပြီးတော့ နိုင်ငံရဲ့ အထင်ကရနေရာတွေထပ်ပို့ပေးမယ်ဆိုရင် ကလေးတွေအတွက် ဗဟုသုတများစွာ ရရှိမှာဖြစ်ပါတယ်” ဟုပြောသည်။

“အခုလိုမျိုး နိုင်ငံတော်ကနေပြီးတော့ စစ်သမိုင်းပြတိုက်ကို လာရောက်ပြီးတော့ လေ့လာခွင့်ပြုခဲ့တဲ့အတွက် အရမ်းလည်းကျေးဇူးတင်ပါတယ်။ သမီးတို့ အခုဆိုရင် စစ်သမိုင်းပြတိုက် မှာရှိတဲ့ ကြည်း၊ ရေ၊ လေ အားလုံးကို သမီးတို့ လေ့လာခဲ့ပါတယ်။ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေကလည်း အများကြီး ရှင်းပြပေးခဲ့ပါတယ်။ သမီးတို့ ကျောင်းသူ၊ ကျောင်းသားတွေအနေဖြင့် ကြည်း၊ ရေ၊ လေတပ်မှာရှိတဲ့ သင်္ဘောတွေ၊ စစ်သင်္ဘောတွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ၊ တိုက်ခိုက်ရေး လေယာဉ်တွေအကြောင်းကိုလည်း အများကြီးသိခဲ့ရပါတယ်။ နိုင်ငံတော်ကနေ စီစဉ်ပြီးတော့ သမီးတို့ကို စစ်သမိုင်းပြတိုက်ကို လေ့လာရေးပြုခဲ့တဲ့အတွက် အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ပြင်ပဗဟုသုတမှာ မသိနိုင်တဲ့အကြောင်းအရာတွေအကုန်လုံး စစ်သမိုင်းပြတိုက်ကို ရောက်တဲ့အခါမှာ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေရဲ့ ရှင်းပြမှုတွေကြောင့်မို့လို့ အများကြီး သိခဲ့ရပါတယ်။ အဲဒါကြောင့်မို့လို့လည်း ရှင်းပြပေးခဲ့တဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်” ဟုပြောသည်။

“စစ်သမိုင်းပြတိုက်ကို လေ့လာရတဲ့အတွက် အသုံးပြုခဲ့တဲ့ စစ်ရေယာဉ်တွေ၊ လက်နက်တွေကို လည်း တွေ့မြင်ခဲ့ရပါတယ်။ အခုလို လေ့လာတဲ့အခါမှာလည်း လေ့လာတဲ့တစ်လျှောက် စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတဲ့ တာဝန်ရှိလူကြီးမင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို သွားခွင့်ရအောင် စီစဉ်ပေးခဲ့တဲ့ တာဝန်ရှိလူကြီးမင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းတွေကိုလည်း လေ့လာသိရှိခဲ့ရပါတယ်။ အခုလို လေ့လာတဲ့ အတွက် ကျွန်တော့်အနေနဲ့ တပ်မတော်ကိုပိုပြီးတော့ ချစ်ခင်မြတ်နိုးစိတ်တွေလည်း ဖြစ်လာမိပါ တယ်။ ကျွန်တော် တစ်ချိန်မှာလည်း နိုင်ငံတော်ကို သက်စွန့်ကြိုးပမ်းကာကွယ်နိုင်တဲ့ တပ်မတော်သားတစ်ယောက်လည်း ဖြစ်ချင်ပါတယ်။ အခုလို လေ့လာခဲ့တဲ့တစ်လျှောက်မှာလည်း ကျွန်တော်တို့ ကို စိတ်ရှည်ရှည် သေချာသဘောပေါက်နားလည်အောင် ရှင်းပြပေးခဲ့တဲ့ တာဝန်ရှိလူကြီးမင်းများနဲ့ ဆရာ၊ ဆရာမတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟုပြောသည်။(၁၀၀)