တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား နေပြည်တော် အောက်တိုဘာ ၁၃

Tuesday, October 13, 2026 - 17:15

 

တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား

နေပြည်တော် အောက်တိုဘာ ၁၃

 

တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများကို  လက်ရွေးစင်အားကစားသမား များမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန်နှင့် မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပလျက်ရှိရာ ၂၀၂၆ခုနှစ် တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းများနှင့် အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊(၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊ လေ)တိုက်ကွမ်ဒို ပြိုင်ပွဲတွင် အဆင့်အလိုက် ဖယ်သာဝိတ်တန်း ဗိုလ်လုပွဲ ပွဲစဉ်များ၊ မစ်ဒယ်ဝိတ်တန်းဗိုလ်လုပွဲ ပွဲစဉ်များ၊ ဟဲဗီဂဝိတ်တန်း ဗိုလ်လုပွဲ ပွဲစဉ်များကို ဇေယျာသီရိ တပ်မတော်အားကစားရုံ(A)၌ အသီးသီးယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသူများကို တပ်မတော်တိုက်ကွမ်ဒိုကော်မတီမှ တာဝန်ရှိသူများကဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်းတပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး တတိယနေရာလုပွဲ ပွဲစဉ်များကို ဇေယျာသီရိ တပ်မတော် အားကစားရုံ(B)၌ ယှဉ်ပြိုင် ကစားကြရာ အမျိုးသားပွဲစဉ်တွင် အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းက နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံး ကိုယ်စား ပြုအသင်းက အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို ၃ ပွဲ၊၂ ပွဲဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိပြီး တတိယနေရာများရရှိသည်။

 ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း ၊ (၃၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ၊  အမျိုးသားဗန်တို အတိုက်(ခ)တန်း ဗိုလ်လုပွဲ ပွဲစဉ်၊  အမျိုးသား ပန်ကြပ်ဆီလပ် အတိုက် (ခ)တန်း ဗိုလ်လုပွဲ ပွဲစဉ်၊ အမျိုးသား ဓားနှစ်လက် အတိုက် (ခ)တန်း ဗိုလ်လုပွဲ ပွဲစဉ်များကို ဇေယျာသီရိ တပ်မတော်အားကစားရုံ(C)၌ အသီးသီး ယှဉ်ပြိုင် ကြပြီး ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ရရှိကြသူများကို တပ်မတော်မြန်မာ့ သိုင်းကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း ၊(၅၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ဝှေ့ပြိုင်ပွဲတွင် ကီလိုတန်း အလိုက် လူသစ်တန်း၊ ဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်ရှိစစ်ကြောရေးနှင့်တည်းခိုရေးစခန်း တပ်နယ်အားကစားခန်းမ၌ အသီးသီး ယှဉ်ပြိုင်ကစားကြသည်။

ထို့အတူ ၂၀၂၆ ခုနှစ်၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား  (၆၃)ကြိမ်မြောက် အလွတ်တန်း အဆင့် ဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် ဇေယျာသီရိ တပ်မတော်အားက စားကွင်း၌ ပြုလုပ်ရာ တတိယနေရာလုပွဲ ပွဲစဉ်အဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်း တို့ယှဉ်ပြိုင်ကစားကြသည်။

ပြိုင်ပွဲ ပထမပိုင်းတွင် နှစ်သင်းလုံးသည် တတိယနေရာသို့တက်ရောက်လာကြ သောအသင်းများ ဖြစ်သည့်အလျောက် တစ်ဖက်နှင့်တစ်ဖက် ဂိုးမပေးရရေးအတွက် အကြိတ်အနယ် ကစားခဲ့ကြပြီး ပွဲကစားချိန် ၁၀ မိနစ်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းမှ ကျောနံပါတ် ၇ ကဦးဆောင်ဂိုး စတင်သွင်း ယူနိုင်ခဲ့ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအနေဖြင့်လည်း ချေးပဂိုးပြန်လည်သွင်းယူနိုင် ရေးအတွက် ထိုးဖောက် တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲကစားချိန်  ၁၂ မိနစ်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စား ပြုအသင်းမှ ကျောနံပါတ် ၉ ကချေးပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ ကြောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် အသင်းကလည်း အနိုင်ဂိုးပြန်လည်ရရှိနိုင်ရေး အတွက် ထိုးဖောက်တိုက် စစ်ဆင်ကစားခဲ့ရာ ပွဲကစားချိန် ၂၁ မိနစ်တွင် ဒုတိယဂိုး ထပ်မံသွင်း ယူနိုင်ခဲ့သဖြင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို     ဂိုး ၂ ၊ ၁ ဂိုး   ရလဒ်ဖြင့် ပထမပိုင်းပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းလုံး အားအင်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ နေပြည်တော် တိုင်းစစ်ဌာနချုပ် အသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီး ဖြင့်ကစားခဲ့ပြီး ဒုတိယပိုင်း ၆၀ မိနစ်တွင်လည်းကောင်း ၊ ၇၆ မိနစ်တွင် လည်း ကောင်း၊ ၈၄ မိနစ်တွင် လည်းကောင်း၊ ဒုတိယပိုင်းပြီးဆုံးခါနီး ၉၀မိနစ်တွင် လည်းကောင်း ဂိုးများ ဆက်တိုက် ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ဒုတိယပိုင်းပြီးဆုံးချိန်တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို  ၆   ဂိုး ၊ ၁ ဂိုး ရလဒ် ဖြင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းက တတိယရ ရှိခဲ့သည်။

   အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းသတင်းရရှိသည်။