မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ဆင်ခြေလျှောမြေသားနိမ့်ကျမှုအား ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများ လျှော့ချလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာ ၁၃ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရေလှောင်တမံ၏ တမံပေါင်နိမ့်ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှဆည်ရေများလျှော့ချလျက်ရှိပြီး ရေလှောင်တမံ၏ ဆင်ခြေလျော နိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
တမံ၏အထက်ရေပြင်နှင့်ထိစပ်အပိုင်းမှစ၍ တမံလျော့အိကျ နေရာတစ်လျှောက် တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့်ရေလှိုင်းရိုက်ခတ်ခြင်း ဒဏ်မခံရ စေရန်အတွက် မိုးရေကာဖျင်များစနစ်တကျအုပ်မိုးကာကွယ်ခြင်း၊ တမံလျော့အိကျမှုအား ကာကွယ် ထိန်းသိမ်းရန်နှင့် တမံအောက်ခြေဆင်ခြေလျှော၏ အပြင်ဘက်မှ တမံတာအောက် ခြေအား ပိုမိုခိုင်မာတောင့်တင်းမှု ရှိစေရန် မြေသားတမံပုံစံ ဆောင်ရွက်ခြင်းတို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်းကာ စက်ယန္တယားများ အသုံးပြု၍ အင်တိုက်အားတိုက် ဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံရေပြင်၏ နိမ့်မြင့် အမှတ် ၃၁၅ပေမှ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာ ယနေ့အောက်တိုဘာ ၁၃ရက်နေ့ ညနေပိုင်းတွင် တမံရှိရေ ၃၁၀ ဒသမ ၃၅ ပေသာ ကျန်ရှိတော့သဖြင့် ၄ ဒသမ ၆၅ လက်မခန့် လျော့နည်းသွား ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)

