ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို
နေပြည်တော် အောက်တိုဘာ ၁၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့်ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့်ဆီမီးများကပ်လှူပူဇော် ဖူးမြော်ကြည်ညို၍ နိုင်ငံတော်သမ္မတက ဘုရားကြီးဘက်စုံပြုပြင် မွမ်းမံမှုများဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူတို့ကရှင်းလင်းတင်ပြကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး ဘက်စုံအလှူငွေများပေးအပ်ရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဓမ္မလက်ဆောင်ပြန်လည် ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ရွှေတောင်စားစေတီတော် မြတ်ကြီးရှိ မဟာဝိဇယခေမသီတလ နိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီးအား ထိုးခတ်ပူဇော်သည်။
ဆက်လက်၍ စေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်း ရှေးဟောင်းသမိုင်းဝင် ရဟန္တာသိမ်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး သိမ်တော်ကြီးအား ရှေးမူလက်ရာမပျက်ထိန်းသိမ်းထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရွှေတောင်စားစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး ထားဝယ်မြို့ကျက်သရေ ဆောင် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့်ရွှေတောင်စားစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့်ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရန်၊ စေတီတော်ကြီးရင်ပြင်တော်ရှိ အက်ကွဲပျက်စီးလျက်ရှိသည့်ကြွေပြားများအား ပြန်လည်ပြုပြင်လဲလှယ်သွားရန်နှင့်ရင်ပြင်တော်အား အမြဲသန့်ရှင်းနေစေရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။
သက်တော်ရှည်ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးထားသည့်အခြေအနေများအား သွားရောက်ကြည့်ရှု
ယင်းနောက် နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် သက်တော်(၁၀၄)နှစ်၊ ဝါတော်(၈၄)ဝါတော်ရှိ သက်တော်ရှည်ဆရာတော်ကြီးဖြစ်သော ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက် ပဓာနနာယက ဂဏဝိမုတ်ကူးတို့ဂိုဏ်းချုပ်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအရိန္ဒမအားကျန်းမာရေးစောင့်ရှောက်မှု ပေးထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတသည် ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ အမြဲမပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်နှင့်အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ဆရာတော်ကြီးအားဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ ဆေးရုံအဆင့်မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားပြီး ဆေးရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ မြဝတီ




