တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကစား နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၂

Monday, October 12, 2026 - 16:15

 

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကစား

 

နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၂

 

တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို  လက်ရွေးစင်အားကစားသမား များမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန် နှင့်မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပလျှက်ရှိရာ ၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းများနှင့် အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ရေ၊လေ) ကရာတေးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ စိန်ပန်း ခန်းမ(၂)၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ အသင်းလိုက် ခတပြိုင်ပွဲ ဗိုလ်လုပွဲ ၊ လူသစ်တန်း အနုတ် ၆၇ ကီလိုအောက် ကုမိတဲ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အကြီးတန်း အနုတ် ၆၀ ကီလိုအောက် ကုမိတဲ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို တက်ရောက်လာကြသူများက ကြည့်ရှု့အားပေးကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ကီလိုတန်းအလိုက် လူသစ်တန်း၊ အကြီးတန်း ခတပြိုင်ပွဲများနှင့် ကုမိတဲ့ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အကောင်းဆုံးကစားသမားဆုရရှိသူများနှင့် လူသစ်တန်းပြိုင်ပွဲတွင် ရွှေ ၃ ခု၊ ကြေး ၁ ခုဖြင့် လူသစ်တန်းဒိုင်းရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ အကြီးတန်း ပြိုင်ပွဲတွင် ရွှေ ၄ ခု ၊ကြေး ၂ ခုဖြင့် အကြီးတန်းဒိုင်းရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုများနှင့် ဒိုင်းဆု များအား ချီးမြှင့်ကြပြီး တံခွန်စိုက်ဒိုင်းဆုကို ရွှေ(၇)ခု၊ ၊ ကြေး (၃)ခုရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူတစ်ဦးက တံခွန်စိုက်ဒိုင်းနှင့်ငွေသားဆုများ ချီးမြှင့်ပေးအပ်သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ စံပယ်(၆)အားကစားရုံ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ ) ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲတွင် (၄)ပေါက်တန်းပြိုင်ပွဲ၊ အခြေခံအထိ(၆)ချက် ပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ကစားကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (၃၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊လေ) တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော်အားကစားရုံ(A)၌ အဆင့် အလိုက် ဘင်တန်ဝိတ်တန်း၊ လိုင်ဝိတ်တန်း၊ မစ်ဒယ်ဝိတ်တန်း ဗိုလ်လုပွဲပွဲစဉ်များကို လည်ကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ရေ၊လေ) အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(B)၌ အမျိုးသား/ အမျိုးသမီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း  (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိ တပ်မတော်အားကစားရုံ(C)၌ အမျိုးသား ဗန်တိုအတိုက်(က)တန်း၊ အမျိုးသားဗန်တို အတိုက်(ခ)တန်း ဗိုလ်လုပွဲ ပွဲစဉ်များ၊ အမျိုးသားပန်ကြပ်ဆီလပ်အတိုက် (ခ)တန်း ဗိုလ်လုပွဲ စဉ်များ၊ အမျိုးသမီး ပန်ကြပ်ဆီလပ် အတိုက် ဗိုလ်လုပွဲစဉ်များ၊ အမျိုးသား ဓားတစ်လက် အတိုက် (က)တန်း ဗိုလ်လုပွဲ ပွဲစဉ်များ၊ အမျိုးသား ဓားတစ်လက် အတိုက်(ခ)တန်း ဗိုလ်လုပွဲစဉ်များ၊ အမျိုးသား ဓားနှစ်လက် အတိုက် (က)တန်း ဗိုလ်လုပွဲ ပွဲစဉ်များ၊ အမျိုးသား ဓားနှစ်လက် အတိုက်(ခ)တန်း ဗိုလ်လုပွဲစဉ်များ၊ ခွဲမှူးဆရာအဆင့် လှံရှည်  ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲနှင့် တပ်မတော်လက်ရေးစွမ်းရည်ပြပြိုင်ပွဲများကို လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကြသည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။(၁၀၀)