မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံပေါင်လျော့ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများ လျှော့ချလျက်ရှိ၊ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး နေပြည်တော်၊ အောက်တိုဘာ ၁၂ ရက်

Monday, October 12, 2026 - 16:00

 

မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံပေါင်လျော့ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများ လျှော့ချလျက်ရှိ၊ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး

နေပြည်တော်၊ အောက်တိုဘာ ၁၂ ရက်

 

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရေလှောင်တမံ၏ တမံပေါင်မှာ တမံ အလျား ၂၅၀ ပေ၊ အနံ ၁၀ ပေခန့်မှ မြေသား ၂၇ ပေခန့်အထိ လျော့ကျခဲ့သည့် အတွက် အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများလျှော့ချလျက်ရှိပြီး တမံအနီးရှိ ကျေးရွာ အုပ်စုများမှ ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

         အဆိုပါ မမြရေလှောင်တမံသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်မှ စတင်၍ အလျား ၅၀ ပေခန့်၊ အနံ ၄ ပေခွဲခန့်၊ မြေသား ၈ လက်မခန့် နိမ့်ကျခဲ့သည့် အတွက် အဆိုပါနေရာအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် အောက်တိုဘာ ၉ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် တမံပေတိုင် ၉၉၀၀ နှင့် ၁၀၀၀၀ အကြား၊ ဆည်ဘောင် ကားလမ်း၏ အလျား ၂၀၀ ပေခန့်၊ အကျယ် ၂၄ ပေခန့်မှ ရေလှောင်ကန်ဘက်ခြမ်း ၆ ပေခန့်မှာ မူလအတိုင်းတည်ရှိပြီး အပြင်ဘက်ခြမ်း ၁၈ ပေသည် ၃ ပေခွဲခန့် ထပ်မံနိမ့်ကျခဲ့ကြောင်း၊ အောက်တိုဘာ ၁၀ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ၎င်းနေရာမှပင် အလျား ၂၅၀ ပေ၊ အနံ ၁၀ ပေခန့်မှ ထပ်မံ၍ ယခင်နိမ့်ကျခဲ့သည့် ပမာဏအပါအဝင် ၂၇ ပေခန့် ထပ်မံနိမ့်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

         ထို့ကြောင့် သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေအား နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှရေထုတ်လွှတ်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိရာ ယနေ့အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းတွင် တမံရှိရေ ၃၁၁ ဒသမ ၄၀ ပေသာ ကျန်ရှိတော့သဖြင့် ၃ ပေ ၈ လက်မခန့် လျော့နည်းသွားကြောင်း သိရှိရသည်။

              ထို့အပြင် တမံ၏အထက်ရေပြင်နှင့်ထိစပ်အပိုင်းမှစ၍ တမံလျော့အိကျ နေရာတစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့်ရေလှိုင်းရိုက်ခတ်ခြင်း ဒဏ်မခံရ စေရန်အတွက် မိုးရေကာဖျင်များစနစ်တကျအုပ်မိုးကာကွယ်ခြင်း၊ တမံလျော့အိကျမှု အား ကာကွယ်ထိန်းသိမ်းရန်နှင့် တမံအောက်ခြေဆင်ခြေလျှော၏ အပြင်ဘက်မှ တမံတာအောက်ခြေအား ပိုမိုခိုင်မာတောင့်တင်းမှု ရှိစေရန် မြေသားတမံပုံစံ ဆောင်ရွက်ခြင်းတို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများ ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်းကာ စက်ယန္တယားများ အသုံးပြု၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းအပြင် ရေလှောင်တမံဆင်ခြေလျှော နိမ့်ကျမှုဖြစ်ပွားသည့် နေရာအနီးနှင့် ဆည်ရေဝင်ရောက်နိုင်သည့် မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆) စု၊ ကျေးရွာ (၃၀) ရွာ၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆)စု၊ ကျေးရွာ (၂၀)ရွာ၊ စုစုပေါင်း ကျေးရွာအုပ်စု (၁၂)စုရှိ ကျေးရွာ (၅၀) ရွာမှ ဒေသခံပြည်သူများအား ယာယီရေဘေး ကူညီကယ်ဆယ်ရေးစခန်းများ၊ ကုန်းမြင့်နေရာများသို့ ကူညီရွှေ့ ပြောင်းပေးခြင်း၊  စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အနောက်တောင် တိုင်းစစ်ဌာ နချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍  အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)