တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၂

Monday, October 12, 2026 - 15:15

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၂

 

သမိုင်းစဉ်ကာလတစ်လျှောက်တွင် နိုင်ငံ့ဂုဏ်တင့်စေရန် အားထုတ်ကြိုးပမ်း မြှင့်တင်ပေးခဲ့ကြသည့် ရှေးမြန်မာမင်းများ၊ ခေတ်အဆက်ဆက်ပေါ်ထွက်ခဲ့ကြသည့် သူရဲကောင်းများ၊ သူ့ကျွန်မခံတွန်းလှန်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင်ကြီးများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် နိုင်ငံ့အရေး အတွက် စွန့်လွှတ်ပေးဆပ်မှုများဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သား များ၏ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ချက်များအား မြင်တွေ့လေ့လာမှုများမှတစ်ဆင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်ပေးမှုတို့ဖြင့် ကျောင်းသား၊ ကျောင်းသူ များအား တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုကြောင့်  ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း(ရွာသစ်ကလေး)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မင်္ဂလာဒီပ နှင့် အခြေခံပညာအလယ်တန်း ကျောင်း(ပုဇွန်ဆိပ်)တို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည်  ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာကြ သည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော် (လေ)ပြင်ပပြကွက် တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သော တပ်မတော် လေယာဉ်များ၊တပ်မတော်(ရေ)ပြင်ပပြကွက်တွင်ခင်းကျင်းပြသထားသော စစ်ရေယာဉ် ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အမှတ် တရဓာတ်ပုံများ ရိုက်ကူးကြသည်။ 

ဆက်လက်၍ တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်ထုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု့လေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကြည့်ရှုကြသည်။  ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများအတွက် မုန့်များကို ပေးဝေခဲ့ကြသည်။

ထို့နောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက် အတွင်း ကဏ္ဍအလိုက် ပြခန်း၊ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြော ကြားသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများသည် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ  လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ 

ဆက်လက်၍ ယနေ့ လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ် နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။

ထိုကဲ့သို့ လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

ဒီနေ့မှာဆိုလို့ရှိရင် ကျွန်မတို့ကျောင်းကနေပြီးတော့ အလယ်တန်းကလေးနဲ့ အထက်တန်း ကလေးများ လာရောက်လေ့လာလိုက်တဲ့အခါမှာ အကျိုးကျေးဇူးများ တော်တော်ရတာကို တွေ့ရှိရပါ တယ်ရှင်။ ကျွန်မတို့ တချို့သင်ခန်းစာတွေဆိုလို့ရှိရင် ကျောင်းသင်ခန်းစာထဲမှာ စာသားအနေနဲ့ပဲ ကျွန်မတို့ မြင်တွေ့ခဲ့ရတာပေါ့နော်။ ဥပမာ - စစ်အင်္ဂါခင်းတာတွေ၊ နောက်ပြီး စစ်ချီ၊ စစ်တပ်၊ စစ်ထိုး၊ စစ်ခံ စတဲ့ အခြေခံ စစ်ပညာတွေကို ကျွန်မတို့က ကျောင်းမှာ သင်ကြားပြသဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ကလေးတွေကို ကျွန်မတို့ ဒီမှာဆိုလို့ရှိရင် ပုံစံငယ်တွေနဲ့တကွ သင်ပြနိုင်တယ်၊ ဒါ အရမ်းကို အကျိုးကျေးဇူးရှိပါတယ်ရှင်။ ပြီးတော့ ကျောင်းသူကျောင်းသားတွေအနေနဲ့ဆိုတော့လည်း တပ်မတော်ရဲ့ အခန်းကဏ္ဍတွေ၊ လုပ်ဆောင်ချက်တွေဆိုတာ အလှမ်းဝေးတယ်ပေါ့ရှင်။ အဲဒါ ကလေး တွေအနေနဲ့ တပ်မတော်စစ်သမိုင်းပြတိုက်ကိုရောက်တဲ့အခါမှာ သူတို့ အရမ်းပျော်နေတာကို တွေ့ရပါ တယ်။ လေယာဉ်ပျံတွေ၊ တင့်ကားတွေ၊ တပ်မတော်ရဲ့ စစ်ရေယာဉ်တွေကို ထိတွေ့ကိုင်တွယ်ပြီး အသုံးပြုရတဲ့အခါမှာ တက်ရောက်ပြီး လေ့လာခွင့်ရတဲ့အတွက် ပျော်နေကြတာကို တွေ့ရှိရတယ်။ ကျွန်မတို့ ဆရာ၊ ဆရာမများအနေနဲ့ ကလေးတွေပျော်ရင်တော့ ကျွန်မတို့လည်း အင်မတန် ပျော်ရွှင်မိပါတယ်။ အခုလိုလာရောက်လေ့လာနိုင်အောင် စီစဉ်ပေးတဲ့  နိုင်ငံတော်အကြီးအကဲများနှင့် တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ရှင်။
အခုလိုမျိုး လာရောက်လေ့လာရတဲ့အခါမှာ ဗဟုသုတတွေ အများကြီးစုံလင်ပြီးတော့ တပ်မတော်ရဲ့ ကြည်း၊ ရေ၊ လေ သုံးခုရဲ့ အဓိပ္ပာယ်တွေကိုလည်း ဒီကတာဝန်ရှိလူကြီးမင်းများက ပြည့်ပြည့်စုံစုံရှင်းပြခဲ့တယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့ ယခင်က မသိခဲ့တဲ့ ကြည်း၊ ရေ၊ လေ တပ်မတော်ရဲ့ လက်နက်ကိရိယာတွေ၊ စစ်သင်္ဘောတွေ၊ စစ်လေယာဉ်တွေရဲ့အကြောင်းကို ပြည့်ပြည့်စုံစုံ ကျွန်မတို့ သိခဲ့ရပါတယ်ရှင်။ အခုလိုမျိုး တာဝန်ရှိလူကြီးမင်းတွေ စီစဉ်ပေးတဲ့အတွက် စာထဲမှာ ကြားသိနေရတဲ့အရာတွေကို လက်တွေ့အပြင်မှာ တွေ့ရတယ်။ အဲတော့ အရမ်းကို ဗဟုသုတရပြီး အရမ်းကိုလည်း စိတ်ဝင်စားဖွယ်ကောင်းတယ်။ အခုလိုမျိုး ပို့ဆောင်ပေးတဲ့ နိုင်ငံတော်က လူကြီးမင်းတွေနဲ့ တာဝန်ရှိတဲ့လူ အကုန်လုံးကို အထူးပင်ကျေးဇူးတင်ပါတယ်ရှင်။