ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ် နေပြည်တော်၊  ၂၀၂၆ အောက်တိုဘာ ၁၂

Monday, October 12, 2026 - 15:00

 

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

 

နေပြည်တော်၊  ၂၀၂၆ အောက်တိုဘာ ၁၂

 

              နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက်  ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက် ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ စုဖွဲ့၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် ခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၉) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။

              အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်း ဖွင့်အမှာစကားများ ပြောကြားကြသည်။ ထို့နောက်  တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉)မှ သင်တန်း သားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ် ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံ နှုတ်ဆက်အားပေး ခဲ့ကြသည်။

              ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီး တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။                                                                

              ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉)မှ  နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ် ----

"ကျွန်တော် ဒီသင်တန်းကို မိမိရဲ့ဆန္ဒအရ စစ်မှုထမ်းရန် တက်ရောက်လာခြင်း ဖြစ်ပါတယ်။ ဆရာတွေ သင်ကြားပေးတဲ့ ပညာရပ်အတိုင်း စနစ်တကျ လိုက်နာသင်ယူမယ်လို့ ဆုံးဖြတ်ထားပါတယ်။ သင်တန်းကာလ ပြီးမြောက်သွားလို့ရှိရင် အထက်ကပေးတဲ့ အမိန့်နဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားမှာပါ" ဟုပြောသည်။

"စစ်မှုထမ်းဆင့်ခေါ်စာပေါ့နော် ၂နှစ်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီးတော့ ဆင့်ခေါ်စာရောက် လာလို့ လာရောက်ထမ်းဆောင်ခြင်းဖြစ်ပါတယ် ခင်ဗျ။ ဘယ်အရာမဆို အောင်မြင်အောင်ပေါ့ နောက်ဆုံးပြီးတဲ့အချိန်ထိ ကြိုးစားသွားမှာပါ။ တိုင်းပြည်ကိုလည်း ကျေးဇူးဆပ်ရာလည်း ရောက်တယ် ပေါ့နော်။ ပြီးတော့လည်း ဒီ ၂ နှစ်ဆိုတာကလည်း ဒါလူတိုင်း ယောက်ျားတိုင်း တာဝန်ထမ်းဆောင် ရမှာဖြစ်တဲ့အတွက် ရှောင်လွှဲလို့မရဘူးပေါ့။ အပြင်လောကနဲ့ တပ်မတော်ဆိုတာတော့ အများကြီး ကွာခြားတယ်ပေါ့နော်။ အပြင်မှာကျတော့ ကျွန်တော်တို့ နေချင်သလိုနေတယ်၊ စားချင်သလို စားတယ်၊ သွားချင်သလိုသွားတယ်။ ဒါပေမဲ့ ဒီထဲမှာရောက်သွားတဲ့ ဒီ၂နှစ်ကနေ ပြီးသွားလို့ရှိရင် ကျွန်တော်တို့ အရင်လိုနေဖြစ်မှာတော့ မဟုတ်တော့ဘူးပေါ့ဗျာ။ ဒီထဲကအတိုင်းပဲ မနက်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ် ထစရာရှိတာထမယ်၊ လုပ်စရာရှိတာလေးတွေလုပ်မယ်၊ အရာရာအားလုံး စနစ်တကျနဲ့ ကိုယ့်တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ အဲလိုမျိုး သွားမယ်ပေါ့နော်။ ကျွန်တော်တို့ နိုင်ငံခြားသွားတာပဲဖြစ်ဖြစ်ပေါ့နော် ကိုယ့်ရပ်၊ ကိုယ့်ဒေသမှာပဲဖြစ်ဖြစ် အကုန်လုံးက လွတ်လွတ် လပ်လပ်နေနိုင်မယ်။ ပြီးတော့ နိုင်ငံပေါ်မှာလည်း ၂နှစ်ဆိုတာ ပြီးသွားတာဖြစ်တဲ့အတွက် တာဝန် ကျေပွန်တယ်ပေါ့နော်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီးရတယ်ပေါ့ ဘာမှမဖြစ်ပါဘူး ကျွန်တော်တို့ အပြင်မှာတော့ ကျွန်တော်တို့လည်း ကြောက်တာပေါ့ ဒါပေမဲ့ တကယ်တမ်း ရောက်သွားတဲ့အခါမျိုးကျတော့လည်း ထင်သလောက်လည်းမဟုတ်ပါဘူး။ အကုန်လုံး ကတော့ ခက်ခဲတာပေါ့ ဒါပေမဲ့လည်း ကိုယ်ကယောက်ျားဆိုတော့ ဖြတ်ကျော်ရမှာပဲလေ" ဟုပြောသည်။(၁၀၀)