တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား နေပြည်တော်၊ အောက်တိုဘာ ၁၁

Sunday, October 11, 2026 - 15:00

 

တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား

နေပြည်တော်၊ အောက်တိုဘာ ၁၁

 

တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများကို  လက်ရွေးစင်အားကစား သမားများမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင် အားကစား သမားများအဖြစ် တက်လှမ်းနိုင်စေရန်နှင့် မျိုးဆက်သစ် လူငယ်အားကစားသမား ကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပလျှက်ရှိရာ ၂၀၂၆ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း များနှင့် အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (၃၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊လေ) တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ(A)၌ အဆင့်အလိုက် ဖလိုင်းဝိတ်တန်း၊ ဝယ်တာဝိတ်တန်း၊ ဟဲဗီးဝိတ်တန်း ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်ကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(C)၌ အမျိုးသားဗန်တို အတိုက်(က)တန်း ဗိုလ်လုပွဲ ပွဲစဉ် ၊ အမျိုးသား ပန်ကြပ်ဆီလပ် အတိုက်(က)တန်း ဗိုလ်လုပွဲစဉ်၊ အမျိုးသား ပန်ကြပ်ဆီလပ် အတိုက်(ခ)တန်း ဗိုလ်လုပွဲစဉ်၊ အမျိုးသမီးပန်ကြပ်ဆီလပ် အတိုက် ဗိုလ်လုပွဲစဉ်၊ အမျိုးသား ဓားတစ်လက် အတိုက် (က)တန်း ဗိုလ်လုပွဲ ပွဲစဉ်၊ အမျိုးသား ဓားနှစ်လက် အတိုက် (ခ)တန်း ဗိုလ်လုပွဲ ပွဲစဉ်၊ အမျိုးသမီး ဓားတစ်လက် အတိုက် ဗိုလ်လုပွဲ ပွဲစဉ်၊ ခွဲမှူးဆရာအဆင့် ဓားနှစ်လက် ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲနှင့် အချုပ်၊အဖြည် စွမ်းရည်ပြ ပြိုင်ပွဲများကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ စံပယ်(၆) အားကစားရုံ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ကျင်းပရာ အခြေခံအထိ(၆)ချက် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၄ သင်းမှ လည်းကောင်း၊ (၄)ပေါက်တန်း ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၄ သင်းမှ လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း (၅၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊လေ) လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် လူသစ်တန်း၊ အလွတ်တန်းနှင့် (က)အဆင့် ဗိုလ်လုပွဲ ပွဲစဉ်များကို လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (၆၃)ကြိမ်မြောက် အလွတ်တန်း အဆင့် ဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် ဒုတိယအကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စား ပြုအသင်းတို့သည် ဇေယျာသီရိတပ်မတော် အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြ ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို တစ် ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့တက်ရောက် သည်။

ပြိုင်ပွဲပထမပိုင်းတွင်  ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအနေဖြင့် အုပ်စု ပထမဖြင့် တက်ရောက်လာသောအသင်းဖြစ်သည်နှင့်အညီ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းဘက်သို့ ဂိုးပိုင်ဆိုင်မှုအသာစီးဖြင့် ဖိအားပေး တိုက်စစ်ဆင်ကစားခဲ့ပြီး ပထမပိုင်းပွဲကစားချိန်ပြီးခါနီးချိန် ၄၅မိနစ် ၂၅စက္ကန့် တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းမှ ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ပထမပိုင်း ပွဲကစားချိန်အပြီးတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်း ကို  တစ် ဂိုး၊ ဂိုးမရှိဖြင့် ဦးဆောင်ခဲ့ သည်။

ဒုတိယပိုင်းတွင်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း အနေဖြင့် ချေးပဂိုးပြန်လည်ရရှိနိုင်ရေးအတွက် ကြိုးပမ်းကစားခဲ့သော်လည်း ပွဲကစား ချိန် ပြီးဆုံးချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သဖြင့် အောက်တိုဘာ ၁၆ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အသင်းတို့ ဗိုလ်လုပွဲ စဉ်ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။(၁၀၀)