တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော်၊ အောက်တိုဘာ ၁၁
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်း သား လူငယ်များအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်လာစေရန်၊ ကျောင်းပြင်ပ ဗဟုသုတများရရှိစေပြီး သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကိုစာတွေ့အပြင် လက်တွေ့ ယှဉ်တွဲလေ့လာနိုင်စေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်အတူ ယှဉ်တွဲပေါ်ပေါက် လာသည့် မြန်မာ့တပ်မတော်၏ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့မှု အခြေအနေ များကိုသိရှိစေရန်၊ မျက်မှောက်ကာလတွင် ဖွဲ့စည်းထားရှိသည့် တပ်မတော်လက်ရုံး တပ်ဖွဲ့အသီးသီး၏ သမိုင်းကြောင်းလုပ်ငန်းတာဝန်နှင့် စွမ်းဆောင်နိုင်ခဲ့မှုများကို သိရှိ စေရန်နှင့် အနာဂတ်ကာလများတွင် နိုင်ငံတော်ကိုဦးဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် မိမိနိုင်ငံ၏သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို လေ့လာသိရှိထားခြင်းအားဖြင့် အနာဂတ်ဘဝလျှောက်လှမ်းမှုကို အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ (နေပြည်တော်)၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၈)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော် (လေ)ပြင်ပပြကွက် တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သော တပ်မတော် လေယာဉ်များ၊တပ်မတော်(ရေ)ပြင်ပပြကွက်တွင်ခင်းကျင်းပြသထားသော စစ်ရေယာဉ် ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အမှတ် တရဓာတ်ပုံများ ရိုက်ကူးကြသည်။
ဆက်လက်၍ တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်ထုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု့လေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများအတွက် မုန့်များကို ပေးဝေခဲ့ကြသည်။
ထို့နောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက် အတွင်း ကဏ္ဍအလိုက် ပြခန်း၊ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြော ကြားသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများသည် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။
ဆက်လက်၍ ယနေ့ လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ် နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။
ထိုကဲ့သို့ လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
ကလေးတွေအနေနဲ့ ဒီစစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာတာဆိုတော့ သူတို့က ပြဋ္ဌာန်းစာအုပ်ထဲမှာ သင်ကြားသိရှိခဲ့ရတဲ့ သင်ခန်းစာတွေကို ဒီစစ်သမိုင်းပြတိုက်ကြီးမှာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခွင့်ရရှိတဲ့အတွက် သူတို့မှာ ဗဟုသုတတွေ အများကြီး တိုးသွားပါတယ်။ ဒီထက်မကလည်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်တွေလည်း ပိုပြီးတော့ တိုးပွားရရှိလာမယ်လို့ ထင်ပါတယ်ရှင့်။ အခုလိုမျိုး ဒီစစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာခွင့် ရအောင် ကူညီပံ့ပိုးပေးခဲ့သော တာဝန်ရှိပုဂ္ဂိုလ်ကြီးများ လူကြီးမင်းများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာရတဲ့အတွက်လည်း ဝမ်းသာရပါတယ်။
စစ်သမိုင်းပြတိုက်မှာ ရှေးမြန်မာမင်းတွေရဲ့ သမိုင်းအကြောင်းတွေ၊ တိုက်လေယာဉ်တွေ စစ်လေယာဉ်တွေရဲ့အကြောင်းတွေ၊ သင်္ဘောတွေရဲ့အကြောင်းတွေ၊ လက်နက်တွေရဲ့အကြောင်း တွေကိုလည်းသိရှိရပါတယ်။ အခုလိုမျိုး လာရောက်လေ့လာခွင့်ရအောင် ကူညီဆောင်ရွက်ပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။


