တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကစားကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်း ဗိုလ်လုပွဲ တက်ရောက်
နေပြည်တော် အောက်တိုဘာ ၁၀
တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို လက်ရွေးစင်အား ကစား သမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင် အားကစား သမားများအဖြစ် တက်လှမ်းနိုင်စေရန်နှင့်မျိုးဆက်သစ် လူငယ်အားကစားသမားကောင်း များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများ အလိုက် သတ်မှတ်ထားသော အားကစားကွင်းများနှင့် အားကစားရုံ များတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊ လေ) တိုက်ကွမ်ဒိုပြိုင်ပွဲတွင် အဆင့်အလိုက် ပင်းဝိတ်တန်း ဗိုလ်လုပွဲ ပွဲစဉ်များကို ဇေယျာသီရိ တပ်မတော်အားကစားရုံ(A)၌ လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ရေ၊လေ) အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး ကွာတားအဆင့်ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဇေယျာသီရိ တပ်မတော်အားကစားရုံ(B)၌ လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း ၊ (၃၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲ၊ အမျိုးသားဗန်တို အတိုက်(က)တန်း၊ အမျိုးသားဗန်တို အတိုက်(ခ)တန်း အကြိုဗိုလ်လုပွဲ ပွဲစဉ်များ၊ အမျိုးသား ပန်ကြပ်ဆီလပ် အတိုက် (ခ)တန်း အကြို ဗိုလ်လုပွဲစဉ်များ၊ အမျိုးသမီး ပန်ကြပ်ဆီလပ်အတိုက် အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသား ဓားတစ်လက် အတိုက် (က)တန်း အကြိုဗိုလ်လုပွဲ ပွဲစဉ်များ၊ အမျိုးသားဓားတစ်လက်အတိုက်(ခ)တန်း အကြို ဗိုလ်လုပွဲစဉ်များ၊ ခွဲမှူးဆရာအဆင့်လက်ရေပညာစဉ် စွမ်းရည်ပြပြိုင်ပွဲနှင့် တစ်ယောက် ငါးယောက်အတွဲတိုက် စွမ်းရည်ပြပြိုင်ပွဲများကို ဇေယျာသီရိတပ်မတော် အားကစားရုံ(C)၌ လည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ စိန်ပန်းခန်းမ(၂) ၌ ၂၀၂၆ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ရေ၊လေ) ကရာတေးပြိုင်ပွဲတွင် လူသစ်တန်း၊အကြီးတန်း၊အသင်းလိုက်“ကုမိတဲ့” ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် လူသစ်တန်း၊ အကြီးတန်း၊ အသင်းလိုက် “ခတ” ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို လည်းကောင်း၊ စံပယ်(၆)အားကစားရုံ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ ) ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲတွင် (၄)ပေါက်တန်းပြိုင်ပွဲ၊ အခြေခံအထိ(၆)ချက် ပြိုင်ပွဲများကို လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။
(၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ တပ်နယ် အားကစား ခန်းမ၌ ကီလိုတန်းအလိုက် လူသစ်တန်း၊ အလွတ်တန်း နှင့် (က)အဆင့်အကြို ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြသည်။
ထို့အတူ ၂၀၂၆ ခုနှစ်၊ (၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား အလွတ်တန်းအဆင့် ဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် အကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပွဲကစားချိန် ( မိနစ် ၉၀ ) အချိန်ပြည့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ ထို့နောက် အချိန်ပို မိနစ် ၃၀ ဆက်လက်ယှဉ်ပြိုင် ကစားကြရာ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံး ကိုယ်စားပြုအသင်းက နေပြည်တော် တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို (၅)ဂိုး (၄) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။










