မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံဘောင်လျော့ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများ လျှော့ချလျက်ရှိ၊ဒေသခံပြည်သူများနှင့် ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိ နေပြည်တော် အောက်တိုဘာ ၁၀ ရက်

Saturday, October 10, 2026 - 14:15

 

မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံဘောင်လျော့ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများ လျှော့ချလျက်ရှိ၊ဒေသခံပြည်သူများနှင့် ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိ

နေပြည်တော် အောက်တိုဘာ ၁၀ ရက်

 

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရေလှောင်တမံ၏ တမံဘောင် မှာ တမံအလျား ၂၅၀ ပေ၊ အနံ ၁၀ ပေခန့်မှ မြေသား ၂၇ ပေခန့်အထိ လျော့ကျခဲ့သည့်အတွက် ယနေ့ နံနက်ပိုင်းမှစ၍ အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများလျှော့ချလျက်ရှိပြီး ထိုသို့ဆောင် ရွက်မှုကြောင့် ရေလှောင်တမံပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများနှင့် ၎င်းတို့၏ စိုက်ဧကများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

         အဆိုပါ မမြရေလှောင်တမံသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်မှ စတင်၍ အလျား ၅၀ ပေခန့်၊ အနံ ၄ ပေခွဲခန့်၊ မြေသား ၈ လက်မခန့် နိမ့်ကျခဲ့သည့် အတွက် အဆိုပါ နေရာအား ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် အောက်တိုဘာ ၉ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် တမံပေတိုင် ၉၉၀၀ နှင့် ၁၀၀၀၀ အကြား၊ ဆည်ဘောင် ကားလမ်း၏ အလျား ၂၀၀ ပေခန့်၊ အကျယ် ၂၄ ပေခန့်မှ ရေလှောင်ကန်ဘက်ခြမ်း ၆ ပေခန့်မှာ မူလအတိုင်းတည်ရှိပြီး အပြင်ဘက်ခြမ်း ၁၈ ပေသည် ၃ ပေခွဲခန့် ထပ်မံနိမ့်ကျခဲ့ ကြောင်း၊ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ၎င်းနေရာမှပင် အလျား ၂၅၀ ပေ၊ အနံ ၁၀ ပေခန့်မှ ထပ်မံ၍ ယခင်နိမ့်ကျခဲ့သည့် ပမာဏအပါအဝင် ၂၇ ပေခန့် ထပ်မံနိမ့်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေအား နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေးအတွက် သက် ဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများပူး ပေါင်းကာ စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတစ်ဆင့် မမြချောင်း၊ မမြချောင်းမှ တစ်ဆင့် ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိကြောင်း သိရှိ ရသည်။

ထို့ပြင် ရေလှောင်တမံဆင်ခြေလျှော နိမ့်ကျမှုဖြစ်ပွားသည့် နေရာအနီးနှင့် ဆည်ရေဝင်ရောက်နိုင်သည့် မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ ၁၈ ရွာ၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)စု၊ ကျေးရွာ (၇၁)ရွာ၊ စုစုပေါင်း ကျေးရွာအုပ်စု (၁၁)စုရှိ ကျေးရွာ ၈၉ ရွာမှ ပြည်သူများအား အုပ်ချုပ် ရေးအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဘေးကင်းစိတ်ချလုံခြုံရာနေရာများသို့ ရွှေ့ ပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။   

ထိုသို့ဆောင်ရွက်ပေးနေမှုများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးအေးကျော် နှင့် တာဝန်ရှိသူများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွား ရောက်ကြည့်ရှုစစ်ဆေးပြီး ကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သည့် တာတမံ တာ အခြေထောက်ခြင်းလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်စီးဆင်းရန်စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှု၊ ဆည်ရေ ဝင်ရောက်နိုင်သည့် ကျေးရွာများရှိ ဒေသခံပြည်သူများအား ရေလွတ်ရာ ကုန်းမြင့် ဒေသများသို့ ပြောင်းရွှေ့ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံ ခန့်ခွဲရေး အုပ်ချုပ်ရေးကော်မတီများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

ထို့ပြင် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရေလှောင်တမံဆင်ခြေလျှော မြေသားနိမ့်ကျမှုဖြစ်ပွားသည့် နေရာအနီးရှိ မျှင်ဝါးတောင်ကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာရှိ ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စား သောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)