တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု ဖြစ်ပွားခဲ့သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၀

Saturday, October 10, 2026 - 14:15

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု ဖြစ်ပွားခဲ့သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၆ အောက်တိုဘာ ၁၀

         မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် တနင်္သာတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာအဆက် မပြတ်ရွာသွန်းပြီး မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည့်အပြင် ထားဝယ်- လောင်းလုံး - ကျောက်နီမော် - ရှင်မော်လမ်းမကြီးပေါ်ရှိ နေရာအချို့တွင် ရေကျော်ခြင်း၊   မြေပြိုကျ၍ လမ်းပိတ်ခြင်း နှင့် လမ်းပေါ်ရှိ တံတားများတွင် အမှိုက်များ ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

           အဆိုပါ ထားဝယ် - လောင်းလုံး - ကျောက်နီမော် - ရှင်မော် လမ်းမကြီးပေါ်ရှိ ပြိုကျ၍ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သည့်နေရာများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ကျေးရွာရပ်ကွက်များတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်သော ကူညီကယ်ဆယ်ရေးများသည် လူအင် အား၊ စက်ယန္တယားများ အသုံးပြု၍ အပျက်အစီးများ ဖယ်ရှားခြင်း၊ သစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းပေါ်ရှိ မြေစိုင်ခဲများ ဖယ်ရှားခြင်းများ ဆက်လက် ဆောင်ရွက်ပေးပြီး သောက်သုံးရေများ ဖြန့်ဝေပေးသည်။

ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက လောင်းလုံးမြို့ဝန်း ကျင်ဒေသ ရှိ သဗျာ၊ ပညှင်း၊ ညှင်းမှော်၊ ပြင်းထိန်၊ ပိန်းရှောင်၊ စန်းလှမ်းကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။ ထို့အတူ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်ရှိ ရေဘေးသင့်ဒေသခံပြည်သူများ ကိုလည်း နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သရက်ချောင်းမြို့နယ်၊ ရေဘေးသင့်ဒေသခံပြည်သူများကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး    ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက  သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး သရက်ချောင်းမြို့အတွင်း မြစ်ရေမြင့်တက်ချိန်တွင် နစ်မြှုပ်ခဲ့သည့် နေရာများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။