မှော်ဘီမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဒေသခံပြည်သူများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ အောက်တိုဘာ ၁၀

Saturday, October 10, 2026 - 14:00

 

မှော်ဘီမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဒေသခံပြည်သူများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ အောက်တိုဘာ ၁၀

               တပ်မတော်အနေဖြင့်  ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက် မြင့်မား  စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောက်ချောကုန်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

               ထိုသို့ဆောင်ရွက်ပေးရာ  သံဃာတော် ၁၀ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၄ ပါးနှင့် ဒေသခံပြည်သူ ၁၃၄ ဦးတို့အား အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊  ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊  သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

               အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာအုပ်စုရှိ   စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

               ထိုသို့ဆောင်ရွက်ပေးရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၅၀ ဦးအား သွေးတိုး ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ မီးယပ်ရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊  သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေး ကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

               ထို့သို့ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာ တိုင်းစစ်ဌာချုပ်များမှ တာဝန် ရှိသူများကသွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။