တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့မှုဖြစ်ပွားခဲ့သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက် နေပြည်တော် အောက်တိုဘာ ၉

Friday, October 9, 2026 - 12:15

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ပျက်စီးခဲ့မှုဖြစ်ပွားခဲ့သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ ၉

 

မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၂၆ ရက် ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အပြင် ထားဝယ်- လောင်းလုံး - ကျောက်နီမော် - ရှင်မော်လမ်းမကြီးပေါ်ရှိ  နေရာအချို့တွင် ရေကျော်ခြင်း၊ မြေပြိုကျ၍ လမ်းပိတ်ခြင်းနှင့်လမ်းပေါ်ရှိ တံတားများတွင် အမှိုက်များပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ထားဝယ်-လောင်းလုံး-ကျောက်နီမော်-ရှင်မော်လမ်းမကြီးပေါ်ရှိပြိုကျ၍ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သည့်နေရာများနှင့်သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  ကျေးရွာ၊ရပ်ကွက်များတွင်   ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊တိုင်းဒေသကြီးအစိုးရအဖွဲ့မှဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များ၊ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများပါဝင်သော ကူညီကယ်ဆယ်ရေးများသည် လူအင်အား၊  စက်ယန္တရားများအသုံးပြု၍  အပျက်အစီးများဖယ်ရှားခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းပေါ်ရှိမြေစိုင်ခဲများ   ဖယ်ရှားခြင်းများဆက်လက်ဆောင်ရွက်ပေးပြီး သောက်သုံးရေများ   ဖြန့်ဝေပေးသည်။

ထို့ပြင်   ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက လောင်းလုံးမြို့ဝန်းကျင်ဒေသရှိ သဗျာ၊ ပညှင်း၊ ညှင်းမှော်၊ ပြင်းထိန်၊ ပိန်းရှောင်၊ စန်းလှမ်းကျေးရွာများရှိဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ တနင်္သာရီမြို့၊ အောက်ကင်းကျေးရွာရှိ ရေဘေးသင့်ဒေသခံပြည်သူများကိုလည်း နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်နေမှုများကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။     (၁၀၀)