ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေပြန်လည်ကျဆင်းသည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ နုန်းများ၊ အမှိုက်များ ဖယ်ရှားရှင်းလင်း
နေပြည်တော် အောက်တိုဘာ ၉
ဧရာဝတီ တိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်၊ ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ငဝန်မြစ်ရေသည် အောက်တို ဘာလ ၁ ရက်တွင် လေးမျက်နှာမြို့နယ်၊ အောက်တိုဘာလ ၂ ရက်တွင် ကျောင်းကုန်းမြို့နယ်၊ အောက်တိုဘာလ ၅ ရက်တွင် ကျုံပျော်မြို့နယ်နှင့် အောက်တိုဘာလ ၇ ရက်တွင် ငါးသိုင်းချောင်းမြို့တို့၌ ရေများပြန်လည်ကျဆင်းသွားခဲ့ပြီး ယနေ့တွင် ရေကြည်မြို့နယ်အတွင်း ရေများပြန်လည် ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။ (၁၀၀)
