နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
နေပြည်တော် အောက်တိုဘာ ၉
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များ တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နယ်မြေအေးချမ်းသာယာရေးတို့အတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေး တာဝန်များကို နေ့မအား၊ ညမအား သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြသော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့်တက်ရောက်လာကြသူများက အောင်ပန်းကုံးများ၊ အောင်သပြေခက်များကမ်း၍ လည်းကောင်း၊ အတီး၊ အမှုတ်၊အက၊ အခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ ယင်းနောက် တိုင်းမှူးက အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)
