မြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World’s Best Rice Award) ရရှိခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာ
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် International World Rice Conference 2026 ၌ မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် ပေါ်ဆန်းဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်ဆု(World’s Best Rice Award)ကို ဒုတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။
ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ ဂုဏ်သိက္ခာရှိသောဆုတံဆိပ်ကို ရရှိခြင်းသည် “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်”ဆိုသည့် စကားရပ်နှင့်အညီ မြန်မာ့ဆန်၏ အရည်အသွေး၊ အနံ့အရသာနှင့်ထူးခြားကောင်းမွန်မှုတို့ကို ကမ္ဘာကအသိအမှတ်ပြုခြင်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာနှင့်အမျိုးသားဂုဏ်ယူမှုကိုလည်း မြှင့်တင်ပေးနိုင်သည့် ထူးခြားသော အောင်မြင်မှုတစ်ရပ်ဖြစ်ပါသည်။
ဤအောင်မြင်မှုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ ကြိုးပမ်းအားထုတ်မှုနှင့်ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်ကြသူများ၏ဇွဲလုံ့လအသီးအပွင့်လည်းဖြစ်ပါသည်။ မြန်မာ့ဆန်၏ အရည်အသွေးကို ပိုမိုမြှင့်တင်ခြင်း၊ နိုင်ငံတကာဈေးကွက်များသို့ ပိုမိုထိုးဖောက်ဝင်ရောက်ခြင်းနှင့်တန်ဖိုးမြှင့်ဆန်ထုတ်ကုန်များတိုးချဲ့ထုတ်လုပ်ခြင်းတို့မှတစ်ဆင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်ရေးတို့ကို ပိုမိုအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်။
ယခုကဲ့သို့ ဂုဏ်ယူဖွယ်ရာအောင်မြင်မှုကိုဖော်ဆောင်နိုင်ခဲ့ကြသည့် မြန်မာ့ဆန်စပါးကဏ္ဍမှ တောင်သူလယ်သမားများ၊ ဆန်စပါးထုတ်လုပ်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို အထူးချီးကျူးဂုဏ်ပြုအပ်ပါသည်။
မြန်မာ့ပေါ်ဆန်းဆန်၏ ကမ္ဘာ့အဆင့်မီဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်ကြပြီး မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် ပိုမိုနေရာရရှိကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်အထောက်အကူပြုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
