မလေးရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (Malaysia-Myanmar Cooperation Dialogue) ကျင်းပပြုလုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် တို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ အောက်တိုဘာ - ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ မလေးရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (Malaysia-Myanmar Cooperation Dialogue)တစ်ရပ်ကို မလေးရှား ဝန်ကြီးချုပ်အိမ်တော်၌ ယနေ့တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ မလေးရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် တို့နှင့် နှစ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မလေးရှား မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာ လေ့လာရေးအဖွဲ့ (ISIS Malaysia) အမှုဆောင်ဥက္ကဋ္ဌ Datuk Prof Dr Mohd Faiz Abdullah နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော် နှင့် တာဝန်ရှိသူများ၊ နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍ၊ မီဒီယာကဏ္ဍနှင့် စီးပွားရေး ကဏ္ဍတို့မှ ကိုယ်စားလှယ်များ စုံလင်စွာ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နှင့် မလေးရှား နိုင်ငံဝန်ကြီးချုပ်တို့သည် ဆွေးနွေးပွဲသို့ ရောက်ရှိလာကြရာ နှစ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူလေးများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ မလေးရှား မဟာဗျူဟာ နှင့် နိုင်ငံ တကာရေးရာ လေ့လာရေးအဖွဲ့ (ISIS Malaysia) အမှုဆောင်ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာလေ့လာရေးအဖွဲ့(MISIS) ဥက္ကဋ္ဌ တို့က ဆွေးနွေးပွဲ ပထမပိုင်းတွင် ပထဝီနိုင်ငံရေးတိုးတက်ဖြစ်ပေါ်မှုများနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းဆိုင်ရာများကိုဆွေးနွေးနိုင်ခဲ့သည့် အခြေအနေများ၊ ယနေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲရလာဒ်များ၊ ဆက်လက်ဆောင်ရွက်သွားရန်ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြကြ သည်။
ယင်းနောက် မလေးရှားနိုင်ငံဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ယခု ကဲ့သို့ မြန်မာ–မလေးရှား ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲကို အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခြင်းသည် နှစ်နိုင်ငံအကြား ဘက်စုံကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားနိုင်မည့် လက်တွေ့ကျသည့်အခွင့်အလမ်းများပင်ဖြစ်ပါကြောင်း၊ မလေး ရှား မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာလေ့လာရေးအဖွဲ့(ISIS Malaysia)နှင့် မြန်မာ နိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာလေ့လာရေးအဖွဲ့(MISIS)တို့၏ ဆွေးနွေးမှုများ မှတဆင့် နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ် အတည်ပြု အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ အကြီးအကဲနှစ်ဦး သည် ယနေ့နံနက်ပိုင်းတွင်လည်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည် ရင်းနှီးမှုနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့်နိုင်ရန် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပြီး အပြု သဘောဆောင်သည့် ရလာဒ်ကောင်းများစွာ ရရှိခဲ့ပါကြောင်း၊ ထိုသို့ဆွေးနွေးမှုများ အပြင် ယခုကဲ့သို့ Think Tank အဖွဲ့အစည်းများနှင့် ထပ်မံဆွေးနွေးရသည့် အတွက် လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို များစွာ အထောက်အကူဖြစ်စေနိုင်ပြီး အခွင့်အလမ်းကောင်းများစွာကိုလည်း ဖော်ဆောင်လာနိုင်မည်လည်းဖြစ်ကြောင်း။
ပို၍ အရေးကြီးသည်မှာ နှစ်နိုင်ငံပြည်သူများအချင်းချင်းအကြား၌လည်း ထိတွေ့ ဆက်ဆံမှုများကို တိုးမြှင့် ဆောင်ရွက်နိုင်မည့် Dialogue တစ်ခုလည်းဖြစ်ပါကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် မလေးရှားနိုင်ငံသို့ လာရောက်ရေးအတွက် မိမိ၏ ဖိတ်ကြားမှုအပေါ် လက်ခံပေးမှုအတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက ဆွေးနွေးပြောကြားရာတွင် ယနေ့ မြန်မာ–မလေးရှား ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍ၊ ပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့် Think Tank အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တစ်နေရာတည်းတွင် စုစည်းပြီး နှစ်နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှု အနာဂတ်ကို အမြင်မျိုးစုံနှင့် ဆွေးနွေးနိုင်ခဲ့သည့်အတွက် များစွာ ဝမ်းမြောက်မိ ပါကြောင်း၊ ယနေ့တွေ့ဆုံမှု၏ အဓိကရည်ရွယ်ချက်မှာ ရှိရင်းစွဲဆက်ဆံရေးများကို ပြန် လည်သုံးသပ်ရုံသာမက မြန်မာနှင့် မလေးရှား နှစ်နိုင်ငံအကြား အပြန်အလှန် နားလည် မှုနှင့် ယုံကြည်မှုများ ပိုမိုခိုင်မာလာစေရန်ဖြစ်သည့်အပြင် နောက်တစ်ဆင့်မြင့်သည့် Bilateral Engagement ကို မည်သို့ အတူတကွတည်ဆောက်သွားနိုင်မည်ကို အမြင် ချင်း ဖလှယ်ရန်ဖြစ် ပါကြောင်း။
ယနေ့ ကမ္ဘာ့အခြေအနေတွင် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံရေးကို အစိုးရချင်း တရားဝင်ဆက်ဆံရေးတစ်ခုတည်းဖြင့် တည်ဆောက်၍မရတော့ပါကြောင်း၊ အစိုးရချင်းဆက်ဆံရေးအပြင် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သုတေသန အဖွဲ့အစည်းများနှင့် Think Tanks များ၏ ဆက်ဆံရေးသည်လည်း အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်လာပါကြောင်း၊ ထို့ကြောင့် ယနေ့ကဲ့သို့ ဆွေးနွေး ပွဲများသည် အစိုးရမဟုတ်သည့် Track II လမ်းကြောင်းမှ ဆောင်ရွက်ခြင်းဖြစ်ပြီး မူဝါဒချမှတ်သူများအတွက် အရေးကြီးသည့်အမြင်နှင့်အကြံပြုချက်များကိုပေးနိုင်သည့် လမ်းကြောင်း တစ်ခုဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း၊ မြန်မာနှင့် မလေးရှားနိုင်ငံတို့သည် အာဆီယံမိသားစုဝင်နိုင်ငံများဖြစ်ပြီး နှစ်ပေါင်းများစွာ အပြန်အလှန်လေးစားမှု၊ ချစ် ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းသိမ်းလာခဲ့ကြပါကြောင်း။
မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ ရာဘာ နှင့် အခြားကုန်ကြမ်းများမှ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု၊ အအေးခန်းသိုလှောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံ၊ စွမ်းအင်၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ ဘဏ္ဍာ ရေးနှင့် Digital Payment၊ Remittance စသည့်ကဏ္ဍများတွင် ပူးပေါင်း ဆောင် ရွက်နိုင်မည့် အလားအလာများ ရှိနေပါကြောင်း။
လက်ရှိ ကမ္ဘာ့စနစ်သည် အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုတစ်ခုတည်းကြောင့် ပြောင်းလဲနေခြင်းမဟုတ်ဘဲ ပထဝီစီးပွားရေး ပြိုင်ဆိုင်မှုအဖြစ်လည်း ပြောင်းလဲလာပြီး တစ်နည်းအားဖြင့်ပြောရမည်ဆိုပါက ယနေ့ခေတ်တွင် Geopolitics နှင့် Geoeconomics သည် ပိုမိုနီးကပ်စွာ ဆက်စပ်လာပါကြောင်း၊ ယင်းအခြေအနေတွင် မြန်မာနှင့် မလေးရှားတို့သည် အရှေ့တောင်အာရှ၏ နိုင်ငံနှစ်နိုင်ငံ အဖြစ်သာမက အိန္ဒိယသမုဒ္ဒရာနှင့် အာဆီယံစီးပွားရေးဗဟိုဒေသကို ချိတ်ဆက်ပေးနိုင်သည့် မဟာ ဗျူဟာမြောက် မိတ်ဖက်နှစ်နိုင်ငံအဖြစ်လည်း ရှုမြင်နိုင်ပါကြောင်း။
ထို့ကြောင့် ပထဝီဝင်အနေ အထားကို ကံကြမ္မာအဖြစ်သာ လက်ခံနေမည့်အစား၊ ပထဝီဝင်အားသာချက်ကိုအခြေခံပြီး ချိတ်ဆက်မှုများ တည်ဆောက်ရမည်၊ Infrastructure များတိုးတက်အောင် လုပ်ရမည်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ကို အားပေးရမည်၊ လူ့စွမ်းအား အရင်းအမြစ်ကို မြှင့်တင်ရမည်၊ နောက်ဆုံးတွင် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ချိတ်ဆက်ပေးနိုင်ရမည် ဖြစ်ပါကြောင်း၊ ထိုမှ သာလျင် ပထဝီဝင်အားသာချက်သည် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အားသာချက် အဖြစ် ပြောင်းလဲလာမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရန်အတွက် အစိုးရများ၏ တာဝန် တစ်ခုတည်း မဟုတ်ဘဲ Think Tanks များ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် လူမှုအသိုင်းအဝိုင်း အားလုံး ပါဝင်ရန် လိုအပ်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲ၏ အရေးကြီးဆုံးအချက်တစ်ခုသည် Think Tank အဖွဲ့အစည်း များအကြား ပိုမိုခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်သွားနိုင်ရေး ဖြစ်ပြီး MISIS နှင့် မလေးရှားနိုင်ငံ၏ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ISIS Malaysia တို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် တိုက်တွန်းလို ပါကြောင်း၊ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကနေ နှစ်နိုင်ငံအကြား မတူညီသည့် အမြင်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပြီး တူညီသည့်အကျိုးစီးပွားများကို လည်း ပိုမိုရှာဖွေဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း။
ရှေ့ဆက်မည့် မြန်မာ–မလေးရှား ဆက်ဆံရေးကို မိမိတို့အနေဖြင့် “Next Level of Bilateral Engagement” အဖြစ်ရည်မှန်းသင့်ပြီး အစိုးရချင်း ဆက်ဆံရေး ကိုသာ ပိုမိုမြှင့်တင်ခြင်းမဟုတ်ဘဲ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ စီးပွားရေးလုပ်ငန်းရှင်၊ ပညာရှင်၊ Think Tank နှင့် ပြည်သူများအကြား ဆက်ဆံရေးများကို တစ်ပြိုင်တည်း ပိုမို ခိုင်မာ အောင် တည်ဆောက်ခြင်းဖြစ်ပါကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စွမ်းအင်နှင့် အစားအစာလုံခြုံရေး၊ ထောက်ပံ့ရေးကွင်း ဆက်နှင့် ချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးတို့သည့် လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှု များကို ဖော်ဆောင်သွားရန် လိုအပ်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲသည် ဆွေးနွေးခြင်းအဆင့်တွင်သာ ရပ်တန့်မသွားဘဲ နောက် ထပ် ဆွေးနွေးမှုများ၊ ပူးတွဲသုတေသနများ၊ ပိုမိုခိုင်မာသည့် အစိုးရ–အစိုးရ၊ စီးပွားရေး–စီးပွားရေးနှင့် Think Tank–Think Tank ဆက်ဆံရေးများကို စတင်ပေးနိုင်သည့် အစပြုအဆင့်တစ်ရပ် ဖြစ်လာစေလိုပါကြောင်း၊ ယနေ့ရရှိခဲ့သည့် အမြင်ဖလှယ်မှုများ နှင့် အကြံပြုချက်များကို လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများအဖြစ် ပြောင်း လဲနိုင်ရန် အားလုံးအတူတကွ ဆက်လက်ကြိုးပမ်းသွားကြရမည် ဖြစ်ပါကြောင်း၊ မြန်မာ နှင့် မလေးရှား နှစ်နိုင်ငံအကြား ပိုမိုနားလည်မှုရှိလာခြင်း၊ ပိုမိုချိတ်ဆက် လာခြင်းနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လာခြင်းသည် နှစ်နိုင်ငံအစိုးရများအတွက်သာမက နှစ်နိုင်ငံ ပြည်သူများအတွက်ပါ ရေရှည်အကျိုးရှိစေမည် ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် အချိန်ပေးပြီး ပါဝင်ဆွေးနွေးပေးကြသည့် မလေးရှားနိုင်ငံမှ မိတ်ဖက်အဖွဲ့အစည်းများ၊ Think Tank များ၊ ပညာရှင်များနှင့် ကိုယ်စားလှယ်များအားလုံးကို အထူးကျေးဇူးတင် ရှိပါကြောင်း၊ မြန်မာ–မလေးရှား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ခိုင်မာပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ဂုဏ်ပြုနေ့လယ်စာအတူတကွ သုံးဆောင်
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဝင်များအား မလေးရှားနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ သည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့သည် ဂုဏ်ပြုနေ့လယ် စာ စားပွဲအခမ်းအနားသို့ ရောက်ရှိလာရာ ယဉ်ကျေးမှုအဖွဲ့များက ကြိုဆိုဧည့်ခံဖျော်ဖြေ ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့သည် တက် ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။
ဂုဏ်ပြုနေ့လယ်စာသုံးဆောင်နေစဉ်အတွင်း မလေးရှားနိုင်ငံ ယဉ်ကျေးမှုအဖွဲ့များက နှစ်နိုင်ငံ တေးသီချင်းများ၊ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ကြ သည်။
ဂုဏ်ပြုနေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်အကြီးအကဲနှစ်ဦးတို့သည် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ် ဆက်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုနေ့လယ်စာစားပွဲအခမ်းအနားမှ ပြန် လည်ထွက်ခွာရာ မလေးရှားနိုင်ငံဝန်ကြီးချုပ်က ရင်းနှီးနွေးထွေးစွာဖြင့် လိုက်ပါပို့ ဆောင် နှုတ်ဆက်ကြပြီး ကျောင်းသား၊ ကျောင်းသူများကလည်း နှစ်နိုင်ငံအလံများ ဝှေ့ယမ်း၍ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။






