ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲနှင့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်  နေပြည်တော်၊  အောက်တိုဘာ - ၈

Thursday, October 8, 2026 - 09:30

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲနှင့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ် 

 

နေပြည်တော်၊  အောက်တိုဘာ - ၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မလေးရှား ဝန်ကြီးချုပ် ရုံး၌ ကျင်းပပြုလုပ်သည်။ 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦး နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မလေးရှားနိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် မလေးရှားနိုင်ငံဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား လှိုက်လှဲနွေးထွေးစွာဖြင့်ကြိုဆိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ကာလရှည်ကြာသည့် ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းများရှိခဲ့ကြသည့် နိုင်ငံများဖြစ်ကြပါကြောင်း၊ နောက်ပိုင်းတွင် ဆက်ဆံရေးအားဖြင့် အနည်းငယ်အလှမ်းကွာဝေးခဲ့သည်ဟုဆိုသော်လည်း မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများကဲ့သို့ အရေးကြီးသည့် မိတ်ဆွေနိုင်ငံများဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအတွက်လည်း အရေးကြီးသည့်နိုင်ငံဖြစ်ပြီး မိမိတို့အနေဖြင့် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကောင်းများထားရှိရေးကို အမြဲအလေးထားပါကြောင်း။

မိမိတို့နှစ်ဦးသည် ထိုင်းနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့တွင် တွေ့ဆုံခဲ့ဖူးကြပြီး ထိတွေ့ဆက်ဆံမှုသည် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲပါစေကြောင်း၊ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရေးနှင့် ထိတွေ့ဆက်ဆံမှုများနှင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး မိမိ၏ ဖိတ်ကြား မှုကို လက်ခံပေးခဲ့သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် အခက် အခဲဒုက္ခ များကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးတို့ကို အလေးထားပူးပေါင်းဆောင်ရွက်ပေးခဲ့မှုများ အတွက်လည်းကျေးဇူးတင်ရှိပါကြောင်းဖြင့် ဦးစွာဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် မိမိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ကွာလာလမ်ပူမြို့သို့ ရောက်ရှိချိန်တွင် နွေးထွေးလှိုက်လှဲစွာ ကြိုဆို မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုခရီးစဉ်သည် မိမိအနေဖြင့် နိုင်ငံတော် သမ္မတတာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများသို့ သွားရောက်သည့် ပဉ္စမမြောက်ခရီး စဉ်ဖြစ်ပြီးအဆွေတော်နှင့်ယခုကဲ့သို့တွေ့ဆုံဆွေးနွေးရသည့်အတွက်လည်း ဝမ်းမြောက် မိပါကြောင်း။ 

မိမိ၏ ယခုမလေးရှားနိုင်ငံခရီးစဉ်အတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စနစ်တကျရှိ သည့် ကွာလာလမ်ပူမြို့၏ သာယာလှပမှုနှင့်တက်ကြွလှုပ်ရှားမှုများကို ကိုယ်တိုင် တွေ့ မြင်ခွင့်ရပြီး နောက်ဆုံးတစ်ကြိမ်ရောက်ရှိစဉ်ကထက် သိသာသည့်ပြောင်းလဲတိုးတက် မှုများကိုလည်း တွေ့မြင်ရပါကြောင်း၊ မလေးရှားနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ချီးကျူးပါကြောင်း။

မလေးရှားနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကစပြီး BRICS ၏ မိတ်ဖက် နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်နေသည်ကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်းကို ပြော ကြားလိုပါကြောင်း၊ မိမိတို့၏ ယနေ့တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွား နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ၁၉၅၈ ခုနှစ် တွင်  သံတမန် အဆက်အသွယ် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည့်အတွက် ၆၈ နှစ်ကျော်ရှိခဲ့ပြီဖြစ်ပြီး လာမည့် ၂၀၂၈ ခုနှစ်တွင် နှစ်(၇၀)ပြည့်မြောက်တော့မည် ဖြစ်ပါကြောင်း၊ ထို့အတွက် လည်း ထူးခြားလေးနက်သည့် အထိမ်းအမှတ်အခမ်းအနားများပြုလုပ်နိုင်ရေး ကြိုတင် ပြင်ဆင်ရန် အဆိုပြုလိုပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းတစ်လျှောက်တွင် မိမိတို့နှစ်နိုင်ငံအကြား ရင်းနှီးသည့် ဆက်ဆံရေးကို ပိုင်ဆိုင်ထားကြပါကြောင်း၊ အိမ်နီး ချင်းမဟုတ်သော်လည်း ကိုလိုနီလက်အောက်တွင် အတူနေခဲ့ဖူးကြပြီး အရှေ့တောင် အာရှ ကျွန်းဆွယ်နိုင်ငံများ အဖြစ်နီးကပ်သည့်ဆက်ဆံရေးရှိခဲ့ပါကြောင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအဖြစ် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်လာခဲ့ကြသည့် မိတ်ဖက် နိုင်ငံများလည်း ဖြစ်ကြပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် မလေးရှားနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာ စေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားလိုကြောင်းကို အသိ ပေးလိုပြီး ကွာလာလမ်ပူမြို့တွင် သံရုံးဖွင့်လှစ်ထားကာ မလေးရှားရောက် မြန်မာ နိုင်ငံသားများ၏အကျိုးကို ကူညီဆောင်ရွက်ပေးနေသကဲ့သို့ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးတက်စေရန်အတွက်လည်း အထူးအလေးအနက်ထား ဆောင်ရွက် လျက်ရှိပါ ကြောင်း။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း မြန်မာနိုင်ငံသားများအတွက် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် အထွေထွေရွေးကောက် ပွဲအောင်မြင်စွာပြုလုပ်ခဲ့ပါကြောင်း၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်အစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိရာ ယခုအခါ တတိယအကြိမ် မြောက်အစည်းအဝေး ကျင်းပလျက်ရှိပြီး ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်သူ့ အကျိုး ဖော်ဆောင်မည့် ဆွေးနွေးမှုများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ အရှိန် အဟုန်နှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည် ဆောက်ရေးကို သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်နေပါကြောင်း။

မိမိတို့နှစ်နိုင်ငံအကြား လေကြောင်းပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ နှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး၊ အခွန်နှစ်ထပ် စည်းကြပ်မှု ရှောင်ရှားရေးနှင့် ရာဇဝတ်မှုဆိုင်ရာ အပြန်အလှန်ဥပဒေ အကူအညီပေးရေး စသည့် နယ်ပယ်များတွင် သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာများ ချုပ်ဆိုထားပြီး ဖြစ်ပါကြောင်း၊ ယခု သဘောတူညီချက်များကို အခြေခံပြီး နှစ်နိုင်ငံအကြား လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးချဲ့နိုင်မည့် နယ်ပယ်များကို ဆက်လက်ရှာဖွေသွားလို ပါကြောင်း။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁,၆၀၀ ကျော်ရှိခဲ့ပြီး မလေးရှား နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံ အဆင့် ၄ နှင့် မြန်မာနိုင်ငံတွင် လာ ရောက် ရင်းနှီးမြှုပ်နှံသည့်နိုင်ငံ၊ ဒေသပေါင်း ၄၈ ခုအနက် မလေးရှားနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုတွင် အဆင့် ၉  ရှိနေသည်ကို သိရှိရပါကြောင်း၊ နှစ်နိုင်ငံအကြားပူးပေါင်းပြီး စီးပွားရေးဖိုရမ်များ၊ B2B မိတ်ဆက်ပွဲများ၊ စီးပွားရေး နှင့်ကုန်သွယ်ရေးအသိပညာ ဖလှယ်ပွဲများ၊ သုတေသနလုပ်ငန်းများပူးပေါင်း ဆောင်ရွက်ခြင်း၊ အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) အတွက် နိုင်ငံတကာ ဈေးကွက် ဝင်ရောက်မှုများအတွက် အတွေ့အကြုံ မျှဝေခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်သွား လိုပြီး မလေးရှားနိုင်ငံတွင် ပြုလုပ်သည့် ကုန်စည်ပြပွဲများတွင်လည်း ပါဝင်ပြသသွား လိုပါကြောင်း၊ ထို့အပြင် နှစ်နိုင်ငံအကြား ဒီဂျစ်တယ်ကုန်သွယ်ရေးနှင့် အွန်လိုင်း ပလက်ဖောင်းမြှင့်တင်ရေး ဆောင်ရွက်မှု (E-commerce and Digital Promotion Platform) များအပေါ် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ် ချက်များဖြည့်ဆည်းနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးဖိတ်ခေါ် လျက်ရှိရာ မလေးရှားနိုင်ငံမှ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံ ရန် ဖိတ်ခေါ်လိုပါကြောင်း။

ယမန်နေ့က ပြုလုပ်ခဲ့သည့် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ လယ်ယာနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက် ရေးတို့ကို ဆွေးနွေးခဲ့ပြီး SEZ ၊ MSME နှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးခဲ့ပါကြောင်း။ 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိတို့အနေ ဖြင့် စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုကဏ္ဍများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မလေးရှားနိုင်ငံသည် သုတေသနလုပ်ငန်း များစွာ အတွေ့အကြုံရှိသည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးသုတေသနနယ်ပယ် များကို ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း။

ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆက်လက် ဆွေးနွေးလို ပြီး မိမိတို့နိုင်ငံ၏ ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် သတင်းအချက် အလက် နည်းပညာတက္ကသိုလ် တို့သည် မလေးရှား Multimedia University နှင့် MoU အသီးသီး ချုပ်ဆိုပြီး ပညာ ရေးနှင့် သုတေသန ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပါကြောင်း။

သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်သွားနိုင် မည်ဟု ယုံကြည်ပါကြောင်း၊ အထူးသဖြင့် နည်းပညာ၊ ကွန်ပျူတာနှင့် Polytechnic တက္ကသိုလ်များအကြား ကျောင်းသားဖလှယ်ရေး အစီအစဉ်များ၊ ဘွဲ့ယူစာတမ်းနှင့် သုတေသန ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားလို ပါကြောင်း။ ထို့အပြင် ပူးတွဲအလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်း အားဖြင့် နှစ်နိုင်ငံလုံး၏ သုတေသနနှင့် ပညာရေးအဆင့်အတန်းကို အတူတကွ မြှင့်တင် သွားကြရန် တိုက်တွန်းလိုပါကြောင်း။

ကျန်းမာရေးကဏ္ဍတွင်လည်း မြန်မာ-မလေးရှားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် နိုင်သည့် လုပ်ငန်းများစွာရှိပါကြောင်း။ မလေးရှားနိုင်ငံတွင် လာရောက်လုပ်ကိုင်နေ ကြသည့် မြန်မာဆရာဝန် များစွာရှိခဲ့သကဲ့သို့ မလေးရှားနိုင်ငံ၏ ဆေးပညာအဆင့် အတန်း မြင့်မားမှုနှင့် ဈေးနှုန်းသင့်တင့်မှုတို့ကြောင့် မြန်မာနိုင်ငံသားများစွာသည်လည်း မလေးရှားနိုင်ငံတွင် ဆေးကုသမှုခံယူရန် ရွေးချယ်လာကြပါကြောင်း၊ ထို့ကြောင့် မြန်မာ–မလေးရှား နှစ်နိုင်ငံအနေဖြင့် ဆေးရုံနှင့် ဆေးခန်းလုပ်ငန်း၊ ဆေးဝါးထုတ် လုပ် ရေး၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ ကျန်းမာရေးနည်းပညာနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး စသည့် အပိုင်းများတွင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်သည်ကို တွေ့ရပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတများကို စနစ်တကျ ထိန်းသိမ်း စောင့် ရှောက်ပြီး စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက် ညီညီ ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ပထဝီဝင်အရ နီးကပ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်းဖြစ်သောကြောင့် ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်း ချင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်မည့် အလားအလာများလည်း များစွာရှိပါ ကြောင်း။

အခါအခွင့်ကြုံခိုက်တွင် မြန်မာနိုင်ငံ၌ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းရာဇဝတ်မှု နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စရပ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် Zero Tolerance မူ ချမှတ်ပြီး ဆောင်ရွက်နေမှုများကို အသိပေးမျှဝေလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်တွင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည့်အတွက် အွန်လိုင်းလိမ်လည်မှုများကို ထိထိရောက်ရောက် ပြစ်ဒဏ်စီရင်ပြီး တားဆီးနှိမ်နင်းနိုင်တော့မည်ဖြစ်ပါကြောင်း၊  မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ် ကိုင်ခြင်းမရှိစေရေး ရှင်းလင်းခြင်း၊ သိမ်းဆည်းရမိပစ္စည်းများကို စနစ်တကျ ဖျက်ဆီး ခြင်းနှင့် တရားမဝင် အဆောက်အဦများကို စနစ်တကျ ဖြိုချဖျက်ဆီးခြင်းတို့ကို အိမ်နီး ချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။ 

အလားတူ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကဏ္ဍနှင့် ပတ် သက်ပါကလည်း မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (Central Committee for Drug Abuse Control – CCDAC) က မလေးရှားနိုင်ငံ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ (National Anti-Drugs Agency – NADA)၊ မလေးရှား တော်ဝင် ရဲအဖွဲ့ (Royal Malaysia Police – RMP) တို့နှင့် အပြန်အလှန် သတင်းဖလှယ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုများသည် မြန်မာအစိုးရ၏ အုပ်ချုပ်မှုနှင့်အလှမ်းကွာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြီးစိုးနေသည့် နယ်စပ်ဒေသများတွင်  အဓိကဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ သာမက ဒေသတွင်းနိုင်ငံများအပေါ်၌ပါ ဆိုးကျိုးများ သက်ရောက်မှုရှိသည့် နိုင်ငံဖြတ် ကျော်မှုခင်းများဖြစ်သည့်အတွက် တစ်နိုင်ငံတည်းက ကိုင်တွယ်ဖြေရှင်း၍မရဘဲ ဒေသ တွင်း နိုင်ငံများအကြား သတင်းအချက်အလက်များ မျှဝေခြင်းနှင့် တရား ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်မှသာ ပြဿနာများ ပြေလည်မည်ဖြစ်ပါကြောင်း။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားများနှင့် မိသားစုဝင်များ အနေဖြင့် မိမိတို့မှတ်တမ်းများအရ ၁၆၀၀၀၀ ကျော် လာရောက်နေထိုင်လုပ်ကိုင်လျက် ရှိသောကြောင့် ၎င်းတို့၏ လုပ်ငန်းခွင်လုံခြုံဘေးကင်းရေး၊ ရသင့်ရထိုက်သည့် အခွင့် အရေးနှင့် အကာအကွယ်များရရှိရေး၊ လူမှုဖူလုံရေးနှင့် စောင့်ရှောက်မှုများ ပိုမို ကောင်းမွန်လာစေရေးအတွက် မလေးရှားအစိုးရနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း၊ ထို့အပြင် အလုပ်သမားများ တရားဝင်လမ်းကြောင်းကတစ်ဆင့် စနစ်တကျ လာရောက်လုပ်ကိုင်နိုင်ရေး၊ ခေါင်းပုံဖြတ်ခံရမှုများမှ ကာကွယ်နိုင်ရေး၊ ဗီဇာ နှင့် အလုပ်လုပ်ခွင့် ပါမစ်ဆိုင်ရာကိစ္စရပ်များ ချောမွေ့စေရေးနှင့် နှစ်နိုင်ငံ အလုပ် သမား သဘောတူညီချက် (MoU) များအတိုင်း ထိရောက်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးတို့ကိုလည်း ဆွေးနွေးလိုကြောင်း၊ မလေးရှားနိုင်ငံတွင် ရောက်ရှိလုပ် ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ လုပ်အားနှင့် ကြိုးပမ်းမှုများသည် နှစ် နိုင်ငံလုံး၏ စီးပွားရေးနှင့် ချစ်ကြည်ရေးအတွက် များစွာအဓိကကျပြီး မလေးရှားအစိုးရ ၏ ကူညီစောင့်ရှောက်မှုများအတွက်လည်း ကျေးဇူးတင် ရှိကြောင်းကို ပြောကြားလို ကြောင်း။ 

မိမိတို့ နှစ်နိုင်ငံသည် ဒေသတွင်းမိတ်ဖက်နိုင်ငံများ ဖြစ်ကြပါကြောင်း။ အာဆီယံ နှင့် ကုလသမဂ္ဂတို့အပါအဝင် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင် အဖွဲ့ဝင်များအဖြစ်လည်း ပါဝင်ကြပါကြောင်း၊ အာဆီယံကြေညာချက် (၅)ရပ်နှင့်ပတ် သက်၍ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း အခြေအနေများအပေါ်မူတည်ပြီး အကောင်း ဆုံးဖြစ်အောင် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ မိမိတို့၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ ပကတိအခြေအနေများကို အခြေခံပြီး အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့် ဆက်ဆံရေး တိုးတက်စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားလိုပါကြောင်း ပြောကြားသည်။

မလေးရှား နိုင်ငံဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် အဆွေတော် သမ္မတကြီးအနေဖြင့် ယခုကဲ့သို့ နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့် တင်နိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့မှုများအပေါ် မိမိ အနေဖြင့် ဝမ်းမြောက်မိပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် ရင်းနှီး မြှုပ်နှံမှုနှင့် လက်တွေ့ကျသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ယခု တွေ့ဆုံဆွေးနွေးပွဲသို့ တာဝန်ရှိသည့် အစိုးရအဖွဲ့အဆင့်မြင့်ကိုယ်စားလှယ်အရာရှိကြီး များကို တက်ရောက်စေခဲ့ပါကြောင်း၊ မလေးရှားနိုင်ငံအတွက် လိုအပ်လျက်ရှိသည့် သွင်းကုန်များကို မြန်မာနိုင်ငံမှ တင်သွင်းနိုင်ရန် ဆန္ဒရှိပါကြောင်း။

မိမိတို့အနေဖြင့် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ ထိတွေ့ ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားရ မည်ဖြစ်ပြီး နယ်ပယ်အားလုံးတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားကြရမည် ဖြစ်ကြောင်း၊ အဆွေတော်သမ္မတကြီး၏ ယခုခရီးစဉ်သည် အောင်မြင်သည့် ခရီးစဉ် တစ်ခုဖြစ်ပြီး ယခုကဲ့သို့ အချိန်ပေး၍ မိမိတို့နိုင်ငံသို့လာရောက်သည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ ထိတွေ့ဆက်ဆံမှုနှင့် ကဏ္ဍစုံမှပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ သတင်းစာရှင်းလင်းပွဲပြုလုပ်

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် တို့သည် နှစ်နိုင်ငံသတင်းမီဒီယာများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးစဉ်ဆိုင်ရာများနှင့် ပတ် သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ (သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုအပြည့်အစုံအား သီးခြားဖော်ပြသွားမည်ဖြစ်ပါသည်။) 

ထို့နောက် နှစ်နိုင်ငံအကြီးအကဲနှစ်ဦးတို့သည် တက်ရောက်လာကြသည့် နှစ် နိုင်ငံမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားဝန်ကြီးချုပ်တို့သည် အတူတကွ မော်တော်ယာဉ်စီးနင်းလိုက်ပါ၍ ဝန်ကြီးချုပ် အိမ်တော်သို့ ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိသည်။