ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့ မီဒီယာများနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ အပြန်အလှန်ပြောကြားချက်များ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားချက်
အဆွေတော် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်နဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့ဝင်များ အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ မလေးရှားနိုင်ငံဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ် လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ပြီးတဲ့ နောက်ပိုင်းမှာ ပထမဦးဆုံး မလေးရှားနိုင်ငံခရီးစဉ်ဖြစ်ပေမယ့် အာဆီယံနိုင်ငံကို သွားတာတော့ ပဉ္စမမြောက်နိုင်ငံခရီးစဉ်လည်းဖြစ်ပါတယ်။
မလေးရှားနိုင်ငံကို ကျွန်တော်အရင်တုန်းက သုံးကြိမ်ရောက်ခဲ့ဖူးပါတယ်။ တပ်မတော်မှာတာဝန်ထမ်းဆောင်စဉ် သုံးကြိမ်ရောက်ခဲ့ဖူးပါတယ်။ အခု ခရီးစဉ်မှာ မလေးရှားနိုင်ငံရဲ့တိုးတက်မှုတွေ၊ သာယာလှပမှုတွေ၊ ကွာလာလမ်ပူရဲ့သာယာလှပမှုတွေ၊ တက်ကြွစွာလှုပ်ရှားနေတာတွေ တွေ့ရတဲ့အခါမှာ အရင်က လာခဲ့တဲ့အကြိမ်ထက် များစွာပြောင်းလဲတာကို တွေ့ရှိရပါတယ်။ ဒီအတွက်လည်း မလေးရှားနိုင်ငံကို ချီးကျူးပါကြောင်း ကျွန်တော်ပြောလိုပါတယ်။
ကျွန်တော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ လာမယ့် ၂၀၂၈ ခုနှစ်ဆိုရင် နှစ် ၇၀ ပြည့်တော့မှာဖြစ်ပါတယ်။ ဒီအတွက်လည်း မလေးရှားနိုင်ငံဝန်ကြီးချုပ်နဲ့ နှစ်နိုင်ငံအထိမ်းအမှတ်အခမ်းအနားတွေ ဒီထက်ပိုပြီး ဆောင်ရွက်နိုင်ဖို့အတွက်လည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့နှစ်နိုင်ငံဟာ ကိုလိုနီလက်အောက်မှာ အတူကျရောက်ခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်။ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံတွေဖြစ်ပြီးတော့ နီးကပ်တဲ့ဆက်ဆံရေးလည်းရှိပါတယ်။ ဒါ့အပြင်လည်း မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက်လည်း ၁၉၉၇ ခုနှစ်မှာ မလေးရှားနိုင်ငံကနေ စတင်ထောက်ခံစည်းရုံးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံနိုင်ငံထဲမှာလည်း ကာလရှည်ကြာစွာပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်ကြောင်း ကျွန်တော်တို့ ပြောလိုပါတယ်။
ဒီနေ့ ကျွန်တော်တို့နှစ်နိုင်ငံ ဆွေးနွေးပွဲက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေဖို့နဲ့ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက်လည်း အထောက်အကူပြုလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ ကဏ္ဍပေါင်းစုံသုံးသပ်ခဲ့ပြီးတော့မှ လက်တွေ့ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေကိုလည်း ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
အထူးသဖြင့် လွှတ်တော်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးမွေးမြူရေး၊ သိပ္ပံနှင့်နည်းပညာ၊ မူးယစ်ဆေးဝါးနှင့်အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနယ်ပယ်တွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ဖို့ အလားအလာတွေလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။
အဆွေတော်နဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာများ ခင်ဗျား...
မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ကုန်သွယ်ဖက်နိုင်ငံတွေထဲမှာ အဆင့် ၄ နဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၉ ရှိနေပါတယ်။ အခုခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာပူးပေါင်းဆောင်ရွက်နိုင်ခြင်းက နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုကိုမြှင့်တင်နိုင်မယ့် အခွင့်အရေးဖြစ်တယ်လို့ ပြောချင်ပါတယ်။ အခုကျွန်တော်တို့ ဆွေးနွေးမှုအတွင်းမှာလည်း နှစ်နိုင်ငံအဓိကမဏ္ဍိုင်ဖြစ်တဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင် ရွက်ရေးကိစ္စတွေကိုလည်း အလေးထားပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။
အလားတူပါပဲ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်နိုင်ဖို့အတွက်လည်း စိုက်ပျိုးရေး၊ ရေထွက်ပစ္စည်း၊ အထည်အလိပ်နဲ့အစားအစာကဏ္ဍ၊ တန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်ရေး၊ ကုန်သွယ်မှုအဟန့်အတားတွေလျှော့ချပြီး နှစ်နိုင်ငံဈေးကွက်အပြန်အလှန် ဝင်ရောက်ရေးနဲ့ ကမ္ဘာ့ Halal ဈေးကွက်ကို အတူတကွဝင်ရောက်နိုင်ဖို့အတွက်လည်း တွန်းအားပေးဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးရေးနဲ့အခြေခံအဆောက်အအုံကဏ္ဍမှာ မလေးရှားနိုင်ငံရဲ့ နည်းပညာနဲ့ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုပါကြောင်းနဲ့ဆီအုန်းနဲ့ ရော်ဘာ၊ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာကဏ္ဍမှာလည်း ပိုမိုကျယ်ပြန့်စွာဆောင်ရွက်သွားဖို့လည်း ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် MSME လုပ်ငန်းတွေကြားမှာ ချိတ်ဆက်မှုနဲ့ဒီဂျစ်တယ် စီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း မြှင့်တင်သွားမှာဖြစ်ပါတယ်။ စီးပွားရေး၊ ကူးသန်းရောင်းဝယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုကို အထောက်အကူပြုနိုင်ဖို့အတွက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးပိုမိုခိုင်မာစေဖို့အတွက် နှစ်နိုင်ငံ လေ ကြောင်းလိုင်း တိုးချဲ့ပျံသန်းရေးကိစ္စတွေကိုလည်း အပြုသဘော ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံရဲ့ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ခြင်းဟာ နှစ်နိုင်ငံပြည်သူတွေအတွက် တကယ်လက်တွေ့ကျတဲ့ စီးပွားရေးအကျိုးအမြတ်တွေနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မယ်လို့ယုံကြည်ပါတယ်။ ဒီလိုအခွင့်အလမ်းကောင်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ မလေးရှားနိုင်ငံရဲ့ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေလာရောက်ရင်းနှီးမြှုပ်နှံဖို့လည်း ကျွန်တော်ဖိတ်ခေါ်လိုပါတယ်။ နှစ်နိုင်ငံကြားမှာ ဗီဇာကင်းလွတ်ခွင့်နဲ့တိုက်ရိုက်လေကြောင်း ဆက်သွယ်မှုတွေရှိနေတာကိုအခြေခံပြီး နှစ်နိုင်ငံအကြား ခရီးသွားလာမှု၊ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုတွေကို တိုးမြှင့်နိုင်မယ့်အလားအလာတွေလည်းရှိနေပါတယ်။
အဆွေတော်ဝန်ကြီးချုပ်နဲ့ နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့ဝင်များ ခင်ဗျား...
အခုလို တွေ့ဆုံဆွေးနွေးမှုအတွင်းမှာ နှစ်နိုင်ငံကြားမှာ အင်မတန်အရေးပါတဲ့ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုနဲ့မြန်မာအလုပ်သမားတွေရဲ့ ရပိုင်ခွင့်ဆိုင်ရာကိစ္စရပ်တွေကိုလည်း ကျွန်တော်တို့ အဓိကထားပြီး အလေးပေးဆွေးနွေးနိုင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ စီးပွားရေးနဲ့အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးလျက်ရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုပါကြောင်းနဲ့သူတို့ရဲ့လုပ်ငန်းခွင် ဘေးအန္တရာယ်လုံခြုံရေး၊ ရသင့်ရထိုက်တဲ့အခွင့်အရေးနဲ့အကာအကွယ်များရရှိဖို့၊ လူမှုဖူလုံရေးနဲ့စောင့်ရှောက်မှုတွေ ပိုမိုကောင်းမွန်လာစေဖို့အတွက်လည်း မလေးရှားအစိုးရနဲ့ နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ပါတယ်။
ဒါ့အပြင် အလုပ်သမားတွေ တရားဝင်လမ်းကြောင်းကနေတစ်ဆင့် လာရောက်ပြီးတော့မှ စနစ်တကျလုပ်ကိုင်နိုင်ဖို့၊ ခေါင်းပုံဖြတ်ခံရမှုကနေ ကာကွယ်နိုင်ဖို့၊ ဗီဇာနဲ့အလုပ်လုပ်ကိုင်ခွင့် ပါမစ်ဆိုင်ရာကိစ္စတွေ ချောမွေ့စေဖို့၊ နှစ်နိုင်ငံအလုပ်သမားသဘောတူညီချက် MoU များအတိုင်း ထိရောက်စွာ အကောင်အထည်ဖော်ဖို့လည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေကို နိုင်ငံသားစိစစ်ပြီးတော့ မြန်မာနိုင်ငံသားအဖြစ်အတည်ပြုထားတဲ့သူတွေကိုလည်း ပြန်လည်ခေါ်ဆောင်ရေးဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလိုစိစစ်ပြီးတဲ့သူများကိုလည်းအမြန်ဆုံးခေါ်နိုင်ဖို့အတွက် ကျွန်တော်စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းပြောလိုပါတယ်။ ဒီအချိန်က ရာသီဥတုကောင်း မွန်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်တပ်မတော်(ရေ)က သင်္ဘောတွေစေလွှတ်ပြီးတော့မှ အမြန်ဆုံးခေါ်ဆောင်သွားမှာဖြစ်ကြောင်းလည်းကျွန်တော်ပြောလိုပါတယ်။ ဒီအတွက်မလေးရှားအစိုးရအနေနဲ့လည်း ဒါကိုခွင့်ပြုပေးနိုင်ဖို့အတွက်လည်း မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော့်ရဲ့ကိုယ်စား လှယ်အဖွဲ့မှာပါလာတဲ့ အလုပ်သမားဝန်ကြီးလည်း မလေးရှားနိုင်ငံအလုပ်သမားဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးနိုင်ခဲ့မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ မလေးရှားနိုင်ငံမှာ ရောက်ရှိလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများရဲ့ လုပ်အားနဲ့ကြိုးပမ်းမှုတွေဟာ နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေးရဲ့ ချစ်ကြည်ရင်းနှီးမှုအတွက် များစွာ အဓိကကျပြီး မလေးရှားအစိုးရရဲ့ကူညီစောင့်ရှောက်မှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်းလည်း ကျွန်တော်ပြောလိုပါတယ်။
အဆွေတော်ဝန်ကြီးချုပ်နဲ့ နှစ်ဖက် ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့ဝင်များ ခင်ဗျား...
မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းရာဇဝတ်မှုနဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ် မှတ်ပြီးတော့မှ Zero tolerance အဖြစ်ချမှတ်ပြီးဆောင်ရွက်နေပါတယ်။ အခုဆွေးနွေးမှုတွေအတွင်းမှာလည်း ကျွန်တော်တို့ ဒေသတွင်းနဲ့နှစ်နိုင်ငံစလုံးရဲ့လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ပြည်သူများရဲ့ လူမှုစီးပွားဘဝကြီးမားစွာခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနဲ့အွန်လိုင်းလိမ်လည်မှုများတိုက်ဖျက်ရေးတို့ကိုလည်း အထူးအလေးထားပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်သွားကြဖို့အတွက် သဘောတူညီခဲ့ကြပါတယ်။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများဖြစ်တဲ့ မူးယစ်ဆေးဝါးတရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှုတွေကိုလည်း ထိရောက်စွာတားဆီးနိုင်ဖို့အတွက် သတင်းအချက်အလက်ဖလှယ်မှုနဲ့တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြားမှာ ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကိုမြှင့်တင်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူတွေကြားမှာ ဒုက္ခပေးနေတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနဲ့ဆိုက်ဘာရာဇဝတ်မှုကွန်ရက်တွေကိုလည်း အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များအကြား၊ လုံခြုံရေးအဖွဲ့ဝင်များအကြား အချိန်နဲ့တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့ လူကုန်ကူးမှုတွေကနေ ကာကွယ်တားဆီးရေးနဲ့ဘေးကင်းစွာ ကယ်တင်စောင့်ရှောက်ရေးကိစ္စတွေကိုလည်း အပြုသဘောဆွေးနွေးနိုင်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးနဲ့အွန်လိုင်းလိမ်လည်မှုကင်းစင်ပြီး လုံခြုံစိတ်ချရတဲ့ ဒေသပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ဖို့အတွက် မလေးရှားနိုင်ငံနဲ့အတူ လက်တွဲပြီးတက်ကြွစွာဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အာမခံပြောကြားလိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အခက်အခဲကြုံနေရတဲ့ မလေးရှားနိုင်ငံသားတွေကိုလည်း ကူညီပေးပြီး နေရပ်ပြန်လည်ပို့ဆောင်ရေးဆောင်ရွက်ပေးလျက်ရှိတဲ့အတွက် နှစ်နိုင်ငံနိုင်ငံသားတွေနဲ့သက်ဆိုင်တဲ့လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရေးရာ၊ နေရပ်ပြန် လည်ပို့ဆောင်ရေးနဲ့ကူညီကယ်ဆယ်ရေးကိစ္စတွေကိုလည်း အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ဖို့၊ နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။
အဆွေတော်ဝန်ကြီးချုပ်နဲ့ နှစ်ဖက် ကိုယ်စားလှယ်များ၊ မီဒီယာ အဖွဲ့ဝင်များ ခင်ဗျား...
ကျွန်တော့်ရဲ့ အခုခရီးစဉ်ကနေ တစ်ဆင့်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့မလေးရှားနိုင်ငံ အစိုးရ၊ ပြည်သူများနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုး တက်လာစေဖို့ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထပ်လောင်းဆန္ဒပြုပါတယ်။ အခါအခွင့်ကြုံတဲ့အချိန်မှာလည်း မလေးရှားနိုင်ငံအဆွေတော်ဝန်ကြီး ချုပ်ကိုလည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ဖို့ ကျွန်တော် ဖိတ်ကြားခဲ့ပါကြောင်း အသိပေးလိုပါတယ်။
