ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေပြန်လည်ကျဆင်းသည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ နုန်းများ၊ အမှိုက်များ ဖယ်ရှား ရှင်းလင်း
နေပြည်တော် အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက် ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ အချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ငဝန်မြစ်ရေသည် အောက်တိုဘာလ ၁ ရက်တွင် လေးမျက်နှာမြို့နယ်၊ အောက်တိုဘာလ ၂ ရက်တွင် ကျောင်းကုန်းမြို့နယ်၊ အောက်တိုဘာလ ၅ ရက်တွင် ကျုံပျော်မြို့နယ်နှင့် အောက်တိုဘာလ ၇ ရက်တွင် ငါးသိုင်းချောင်း မြို့တို့၌ ရေများပြန်လည်ကျဆင်းသွားခဲ့ပြီး ယနေ့တွင်ရေကြည်မြို့နယ်အတွင်း ၁၁ ပေ ၁ လက်မခန့်အထိ ကျဆင်း သွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်း ခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေး ခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက် ပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွား ရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။(၁၀၀)
