လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးသတ်ဖြတ်၍ ငွေကျပ်သိန်း(၈၀၀)အား လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားတစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော် အောက်တိုဘာ ၈

Tuesday, October 13, 2026 - 09:00

 

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးသတ်ဖြတ်၍ ငွေကျပ်သိန်း(၈၀၀)အား လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားတစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော် အောက်တိုဘာ ၈

 

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားအိမ်ရာ၊ ကျောင်းလမ်းနှင့် စိန်ပန်းလမ်းထောင့်၊ တိုက်အမှတ်(၅၉)ဘေး၌ ရပ်တန့်ထားသည့် BGO-27 9R/3323 MISUBISHI XPANDER မော်တော်ယာဉ်ပေါ်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အမှတ် (၁၈)ရပ်ကွက်နေ ဦးဟန်ညွန့်(၆၉)နှစ်မှာ ခန္ဓာကိုယ်တွင် ထိုးသွင်းဒဏ်ရာ များဖြင့်သေဆုံးနေပြီး ယာဉ်ပေါ် တွင်ပါရှိသည့် ငွေကျပ်သိန်း (၈၀၀)ထည့်ထားသော လက်ဆွဲအိတ်မှာ ပျောက်ဆုံးနေသဖြင့် ပိုင်ရှင်ဖြစ်သူ ဖျာပုံမြို့၊ အမှတ်(၉) ရပ်ကွက်နေ ဦးကျော်လင်း(၅၄)နှစ်မှ ၎င်း၏ ယာဉ်မောင်းဖြစ်သူအား သတ်ဖြတ် ၍ ငွေများလုယက်ယူဆောင်သွားသူ တရားခံအား ဖော်ထုတ်အရေးယူပေးပါရန် တိုင်တန်းချက်အရ လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်း(ပ) ၁၁၈၆/ ၂၀၂၆၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂/၃၉၂  ဖြင့် အမှုရေးဖွင့်  စုံစမ်းဆောင်ရွက်ခဲ့သည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိနိုင်ရေးအတွက် နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင် ရွက်ခဲ့ရာ ယင်းနေ့ည ၁၀ နာရီခွဲ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာနေ တရားခံ လျှမ်းထက်အောင်(၂၃)နှစ်အား လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ငွေကျပ်သိန်း(၅၄၀) နှင့် ၎င်းငွေဖြင့်ဝယ်ယူထားသည့် iphone 18 Pro Max အမျိုးအစား ဖုန်း(၁)လုံး၊ နားကြပ်(၁)စုံနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

ဖမ်းဆီးရမိတရားခံ လျှမ်းထက် အောင်၏စစ်ဆေးချက်အရ ၎င်းသည် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံ ဝင်းရှိ ဦးကျော်လင်း၏ “ကျော်လင်း၊ AJ” ပွဲရုံတွင် စာရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ဦးဟန်ညွန့်မှာ အပတ်စဉ် ဖျာပုံမြို့မှ ကုန်လာဝယ်လေ့ရှိသဖြင့် ခင်မင် ရင်းနှီးကြောင်း၊ ၎င်းသည် စက်တင် ဘာလ ၁၉ ရက်နေ့တွင် အဆိုပါပွဲရုံမှ အလုပ်ထွက်ခဲ့ပြီးနောက် ငွေကြေး လိုအပ်ချက်အရ အပတ်စဉ်ကုန်လာ ဝယ်လေ့ရှိသည့် ဦးကျော်လင်းပိုင်ငွေများအား လုယက်ရန်ကြံစည်ခဲ့ ကြောင်း၊ အောက်တိုဘာလ ၅ ရက်  နေ့ နံနက်ပိုင်းတွင် ဘုရင့်နောင်ပွဲရုံ ဝင်းရှိ ငုဝါလမ်း၌ အသင့်စောင့်ဆိုင်း နေစဉ် ယာဉ်မောင်း ဦးဟန်ညွန့်မှာ တစ်ဦးတည်း မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသဖြင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ကျန်စစ်သား အိမ်ရာဘက်သို့ လိုက်ပို့ပေးရန် ခေါ်ဆောင်သွားခဲ့ကာ အခင်းဖြစ်နေရာအရောက်၌ အသင့်ပါလာသောဓားဖြင့်  ဦးဟန်ညွန့်၏  လည်ပင်းအား (၇)ချက်ခန့် ထိုးသတ်ခဲ့ပြီးနောက် ယာဉ်နောက်ခန်းတွင်းရှိ ငွေကျပ်သိန်း (၈၀၀)ထည့်ထားသော အိတ်အားလုယက်ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုး/အသွား (၁၅)လက်မခွဲခန့်ရှိ ဓားဦးချွန်ဓားမြှောင် (၁)ချောင်းအား လှိုင်မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းဘေးရှိ ရေမြောင်းထဲမှ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အမျိုးသားတစ်ဦးအားသတ်ဖြတ်၍ ငွေကျပ်သိန်း (၈၀၀)အား လုယက်ယူဆောင်ခဲ့သူ  တရားခံလျှမ်းထက်အောင်အား သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။(၁၀၀)