ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ  အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး နေပြည်တော် အောက်တိုဘာ  ၈ 

Thursday, October 8, 2026 - 09:00

 

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ  အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး

 

နေပြည်တော် အောက်တိုဘာ  ၈ 

 

နိုင်ငံတော်အစိုးရ   အနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း  လုံးဝအခြေမချနိုင်သည်အထိ   ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို    ဆောင်ရွက်လျက်ရှိရာ KK Park    နယ်မြေ အတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းများလုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံ ၆၃၅ လုံးအား အပိုင်း ၃ ပိုင်းခွဲ၍ လည်းကောင်း၊ ရွှေကုက္ကိုလ်နယ်မြေ   အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံ ၁၄၀ လုံးအနက်   ပထမပိုင်းအနေဖြင့် အဆောက်အအုံ ၇၇ လုံးအားလည်းကောင်း  စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။

 ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့်ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့်   အဆောက်အအုံ ၂၅ လုံး၊   ဖောက်ခွဲ၍ဖြိုချ ဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့်  အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျထပ်မံဖြိုချဖျက်ဆီးခြင်းများကို အောက်တိုဘာလ ၆ ရက်နေ့ မှစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့   ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယာဉ်ယန္တရားများအသုံးပြု၍    ဖြိုချဖျက်ဆီးရမည့်   အဆောက်အအုံများအနက် ၅ ထပ် အဆောက်အအုံ ၁ လုံးအား ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ ၆၅ ရာခိုင်နှုန်း ဖြိုချဖျက်ဆီး ပြီးဖြစ်ကြောင်းနှင့် ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများအနက် ၆ ထပ်  အဆောက်အအုံ ၁ လုံးအား ယနေ့တွင် စနစ်တကျဖြိုချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ 

နိုင်ငံတော်အစိုးရ   အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများပပျောက်စေရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်း နိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံများအား အမြန်ဆုံးဖြိုချဖျက်ဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (၁၀၀)