တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက် လေ့လာ
နေပြည်တော် အောက်တိုဘာ ၈
သမိုင်းစဉ်ကာလတစ်လျှောက်တွင် နိုင်ငံ့ဂုဏ်တင့်စေရန် အားထုတ်ကြိုးပမ်း မြှင့်တင်ပေးခဲ့ကြသည့် ရှေးမြန်မာ မင်းများ၊ ခေတ်အဆက်ဆက်ပေါ်ထွက်ခဲ့ကြသည့် သူရဲကောင်းများ၊ သူ့ကျွန်မခံတွန်းလှန်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင် ကြီးများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် နိုင်ငံ့အရေးအတွက် စွန့်လွှတ်ပေးဆပ် မှုများဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သားများ၏ ဂုဏ်ယူဖွယ်ရာစွမ်းဆောင်ချက်များအား မြင်တွေ့ လေ့လာမှုများမှတစ်ဆင့် လူငယ်လူရွယ်များမျိုးချစ်စိတ်ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင်ရွက်ပေးမှုတို့ ဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၂၀)အခြေခံ ပညာအထက်တန်း ကျောင်း(လယ်သာ)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး ပြင်ပပြကွက်များတွင် ခင်းကျင်း ပြသထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ် လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော်လေယာဉ်များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြ သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်း ရုပ်ရှင်ကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။ ယင်းနောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား မုန့်များပေးဝေကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်း ပြောကြားသည်။ ၎င်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုကြပြီး သိရှိ လိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအတွက် ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကိုမှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။ (၁၀၀)
