မြစ်ကြီးနားမြို့ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော် အောက်တိုဘာ ၈
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော် အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက်သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးခြင်းများဆောင်ရွက် ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ခေမာသီရိကျောင်းတိုက်၌ အခြေပြု၍ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော် ၃၀ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော သံဃာတော် များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မြစ်ကြီးနားတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အဆိုပါကျောင်းတိုက်ရှိ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။(၁၀၀)
