တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကစားဂျူဒိုပြိုင်ပွဲတွင်ရွှေ(၂၂)ခု၊ငွေ(၁၅)ခု၊ကြေး(၁၂)ခုဖြင့် ကာကွယ်ရေးဦး စီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းမှ စုပေါင်းတံခွန်စိုက်ဒိုင်းရရှိ နေပြည်တော် အောက်တိုဘာ ၈

Thursday, October 8, 2026 - 08:30

 

တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကစားဂျူဒိုပြိုင်ပွဲတွင်ရွှေ(၂၂)ခု၊ငွေ(၁၅)ခု၊ကြေး(၁၂)ခုဖြင့် ကာကွယ်ရေးဦး စီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းမှ စုပေါင်းတံခွန်စိုက်ဒိုင်းရရှိ

 

နေပြည်တော် အောက်တိုဘာ ၈

 

တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ်  တက်လှမ်းနိုင်စေရန်နှင့်မျိုးဆက်သစ်လူငယ်အားကစား သမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင်  သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းများနှင့် အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။ 

၂၀၂၆ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီး ဂျူဒိုပြိုင်ပွဲဗိုလ်လုပွဲနှင့်  ဆုပေးပွဲအခမ်းအနားကို ဇေယျာသီရိအားကစားရုံ(A)တွင် ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တာဝန်ရှိသူများ၊ တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက် အသင်းလိုက် ဗိုလ်လုပွဲပွဲစဉ်များကို  ကြည့်ရှုအားပေးကြပြီး ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အသင်းလိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ၊ ပူးတွဲ တတိယဆုရ အသင်းများနှင့် မျိုးဆက်သစ်အမျိုးသားတံခွန်စိုက်ဒိုင်းဆုကို ရွှေ (၂)ခု၊ ငွေ(၃)ခု ၊ ကြေး(၃)ခု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းနှင့် မျိုးဆက်သစ်အမျိုးသမီး တံခွန်စိုက်ဒိုင်း ဆုကို ရွှေ (၃)ခု၊ ငွေ (၁)ခု၊ ကြေး (၁)ခုရရှိသော နေပြည်တော်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြုအသင်း၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆုကို ရွှေ၆ ခု၊ ငွေ ၁ ခု၊ ကြေး ၂ ခုရရှိသော နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုကို ရွှေ(၅)ခု၊ ငွေ(၂)ခု၊ကြေး(၂)ခုရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့က အသီးသီးရရှိကြပြီး ဆုရရှိသည့်အသင်းများနှင့်ပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးသည့် ဒိုင်လူကြီးများအား   တာဝန်ရှိသူများက တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ်ကြသည်။

ဆက်လက်၍ အမျိုးသား/အမျိုးသမီး အကောင်းဆုံးကစားသမားဆုရရှိသူများနှင့်ရွှေ(၂၂)ခု၊ ငွေ(၁၅)ခု၊ကြေး(၁၂)ခ ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) တာဝန်ရှိသူတစ်ဦး ကငွေသားဆုနှင့်အမျိုးသား/အမျိုးသမီးဂျူဒိုအားကစား ပြိုင်ပွဲ စုပေါင်းတံခွန်စိုက်ဒိုင်းကို ချီးမြှင့်ပေးအပ်သည်။

ထို့ပြင်ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပလျက်ရှိသော တပ်မတော်(ကြည်း ၊ ရေ၊ လေ)ပြေး၊ခုန်၊ပစ်ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး မီတာ ၅၀၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊  အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ(၆) မီတာ-၁၁၀ တန်းကျော်ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁ဝ မျိုးစုံ(၇) သံပြားဝိုင်းပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ-၂၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁ဝ မျိုးစုံ(၈) တုတ်ထောက်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီးအလျားခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ(၉) လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ(၁၀) မီတာ-၁၅၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော် ပြေးခုန်ပစ်ကော်မတီမှတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ)အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ(B)၌အမျိုးသား/အမျိုးသမီးကွာတားအဆင့်ပတ်လည်ပြိုင်ပွဲပွဲစဉ်များကိုလည်းကောင်း၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း ၊ (၃၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(C)၌ အမျိုးသားဗန်တိုအတိုက်(က)တန်း၊ အမျိုးသားဗန်တိုအတိုက် (ခ)တန်း၊ အမျိုးသားပန်ကြပ်ဆီလပ်အတိုက် (က)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသားဓားနှစ်လက် အတိုက်(က)တန်း အကြိုဗိုလ်လုပွဲ စဉ်များ၊ အမျိုးသား ဓားနှစ်လက် အတိုက်(ခ)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသမီးဓားတစ်လက် အတိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသားနှစ်ယောက်အတွဲတိုက် စွမ်းရည်ပြပြိုင်ပွဲများ၊ အမျိုးသားသုံးယောက်အတွဲတိုက် စွမ်းရည်ပြပြိုင်ပွဲများကို လည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။ 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ စံပယ်(၆)အားကစားရုံ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်း ပြိုင်ပွဲမှ အလွတ်တန်း(၄)ယောက်တွဲအဖွဲ့လိုက် အကြိုဗိုလ်လုပွဲပွဲစဉ်များကို လည်းကောင်း၊ စိန်ပန်းခန်းမ(၂)၌ ၂၀၂၆ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ကရာတေးပြိုင်ပွဲ လူသစ်တန်း၊ အကြီးတန်း ၊ အသင်းလိုက်ခတပြိုင်ပွဲ ဗိုလ်လုပွဲစဉ် များ၊ကီလိုတန်းအလိုက် လူသစ်တန်း၊ အကြီးတန်းကုမိတဲ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ အသီးသီးယှဉ်ပြိုင်ကစားကြသည်။(၅၆) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက်လူသစ်တန်း၊ အလွတ်တန်း နှင့် (က)အဆင့်အကြိုဗိုလ်လုပွဲစဉ်များကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအား ပေးခဲ့ကြကြောင်း သတင်းရရှိသည်။(၁၀၀)