ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် DPLA ၊ TNLAနှင့် PDF အမည်ခံအဖွဲ့ဝင် ၂၂ ဦးတို့အားမိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ် နေပြည်တော် အောက်တိုဘာ ၈

Thursday, October 8, 2026 - 08:30

ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် DPLA ၊ TNLAနှင့် PDF အမည်ခံအဖွဲ့ဝင် ၂၂ ဦးတို့အားမိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်

 

နေပြည်တော် အောက်တိုဘာ ၈

 

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထားဆောင်ရွက်လျက်ရှိသည် နှင့် အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့်နယ်မြေများအားအပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုများအပေါ်ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် လည်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပေါ်နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များထံ လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြ သည်။

ထိုသို့  ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ DPLA အမည်ခံအဖွဲ့ဝင်  အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦး၊ TNLA  အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ PDF အမည်ခံ အဖွဲ့ဝင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၂ ဦးတို့သည် လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်

အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့သဖြင့် မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းစစ်ဌာနချုပ်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊    ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးကဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးက ဥပဒေအကြောင်းအရာများအား ဆွေးနွေး ပြောကြားသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် မောင်းပြန်ရိုင်ဖယ်သေနတ် ၃ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို   လွှဲပြောင်းအပ်နှံရာတိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ၎င်းနောက်  တိုင်းမှူးက မောင်းပြန်ရိုင်ဖယ် ၃ လက်အတွက် ငွေကျပ်  သိန်း ၁၅၀ ၊ ပစ္စတိုသေနတ် ၂ လက်အတွက် ငွေကျပ် သိန်း ၆၀၊ လက်ပစ်ဗုံး ၁ လုံးအတွက် ငွေကျပ် ၃ သိန်း၊ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူ ၂၂ ဦးအတွက် တစ်ဦးလျှင် ၁ သိန်းနှုန်းဖြင့် ငွေကျပ် ၂၂ သိန်း၊ စုစုပေါင်း စုကြေးငွေကျပ် ၂၃၅ သိန်းနှင့်လက်ဆောင်ပစ္စည်းများအား ပေးအပ်ရာ ဥပဒေဘောင်အတွင်းဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်းဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။ 

ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို    လက်ခံယုံကြည်လျက်   ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား  မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့်  မတ္တရာမြို့နယ်မှ အမျိုးသား ၂ ဦး၊  ပြည်ကြီးတံခွန်မြို့နယ် မှအမျိုးသား ၁ ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား ၂ ဦး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား ၁ ဦး၊ ကျောက်မဲမြို့နယ် မှ အမျိုးသား ၁ ဦး၊ နောင်ချိုမြို့နယ်မှ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၃ ဦး၊ ပြင်ဦးလွင်မြို့နယ် အမျိုးသား ၁ ဦး၊ မုံရွာမြို့နယ်မှ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၂ ဦးတို့ ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါဉပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် DPLA ၊ TNLA နှင့် PDF အဖွဲ့များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်း အဓမ္မစုဆောင်းခံကြ ရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံ အဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင်   အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊  အနေအစားဆင်းရဲ၍ ပင်ပန်း ဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်း တို့အပြင်နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ် ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည် အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား  ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်   ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိသဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်  ဆန္ဒရှိသူများများစွာကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း    ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များအတွက် ဆုကြေးငွေများထိုက်တန်စွာ   ပေးအပ်သွားမည်ဖြစ်ကြောင်း    သတင်းရရှိသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံ များကိုလည်း ယခုကဲ့သို့ကြားသိရပါသည်-“PDF အဖွဲ့ထဲကို ရောက်ရှိသွားတာကတော့ သူငယ်ချင်းအပေါင်းအသင်းတွေ မြူဆွယ်ရာမှာ ရောက်ရှိသွားတာဖြစ်ပါတယ်။ PDF အဖွဲ့ထဲတွေ့ကြုံခဲ့ရတာကတော့ ခက်ခဲပါ တယ်။ စားရေးသောက်တာအစ အကုန်လုံးခက်ခဲခဲ့ပြီးတော့ ပင်ပန်းခဲ့တယ်။ ပင်ပန်းဆင်းရဲတဲ့အတွက် ကျွန်တော်လည်း အလင်းဝင်ရောက်လာဖို့အတွက် ဆုံးဖြတ်လိုက်တာပါ။ နေထိုင်တဲ့ကာလအနေနဲ့ ကျွန်တော်လေးနှစ်လောက်နေခဲ့ရပါတယ်။ တာဝန်ယူတာကတော့ နောက်ဆုံးအဆင့်မှာတော့ တပ်ရင်းမှူး Level နဲ့ ကျွန်တော် တာဝန်ယူခဲ့ရပါတယ်။ နေရာဒေသအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့စဉ်ကတော့ သပိတ်ကျင်းနယ်မှာ   တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ တပ်မတော်စစ်ကြောင်းနဲ့ တိုက်ခိုက်ခဲ့ဖူးတာတွေလည်းရှိခဲ့ပါတယ်။ အတွေ့အကြုံဖြစ်စဉ်များပါတယ် တိုက်ခိုက်ကျဆုံးတာတွေလည်းရှိခဲ့ပါတယ်။ အလင်းဝင်ရောက်လာဖို့ စတင်ဆုံးဖြတ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ဒီအကြမ်းဖက်အဖွဲ့အစည်းကနေ တရားမျှတမှုမရှိတဲ့အတွက် ယုံကြည်မှုမရှိလို့ပဲ အလင်းဝင်ပြီးနောက်ပိုင်းမှာတော့   ကျွန်တော့်မိသားစုနဲ့ အတူနေပြီး တပ်မတော်အတွက် နိုင်ငံ့တာဝန်ကို  ပြန်လည်ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်” ဟုပြောကြားကြောင်းသိရသည်။(၁၀၀)