ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိ
နေပြည်တော်၊ အောက်တိုဘာ - ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရား ဝင်ခရီးစဉ် (Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစော၊ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့လိုက်ပါလာသည့် အထူးလေယာဉ်သည် ဒေသစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ် ခန့်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ဒါတွတ်ဆရီ ဂျိုဟာရီ အဗ္ဗဒူလ် ဂါနီ ဦးဆောင်သည့် မလေးရှားနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုး နှင့် ဇနီး၊ မြန်မာ စစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦး နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲ နွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုသို့ကြိုဆိုနှုတ်ဆက်စဉ် မလေးရှားနိုင်ငံဂုဏ်ပြုတပ်ဖွဲ့ကလည်း ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍ ခရီးဦးဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

