နေပြည်တော်၊ ဇူလိုင် ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့မှူးများအား Video Conferencing စနစ်ဖြင့် အစည်းအဝေးပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ဆွေးနွေးမှာကြား ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လ ၁၈ ရက် တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်ချက်များကို အသေးစိတ်မှာကြား ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ တက်ရောက်ကြသူများက မိမိတို့တိုင်းဒေသကြီး/ပြည်နယ်များအလိုက် Stay at Home သတ်မှတ်ထားရှိသော မြို့နယ်များအခြေအနေ၊ အောက်ဆီဂျင်ရရှိဖြန့်ဖြူးမှုအခြေအနေနှင့် ထပ်မံလိုအပ်မှုအခြေအနေများ၊ ကုသပေးနေသည့် ဆေးရုံများရှိ လူနာဝင်ဆံ့မှုများနှင့် ကုသရေးစင်တာ၊ စောင့်ကြည့်ရေးစင်တာများ ကြိုတင်ပြင်ဆင်လျာထားဆောင်ရွက်နေမှု၊ ရောဂါကုသရေး သတ်မှတ်ချက် ဆိုင်ရာများအား သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးသတ်မှတ်ချက်များကို လူထု သိရှိလိုက်နာနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရေး၊ နယ်စပ်ဒေသ ဝင်/ထွက်ပေါက် များမှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ကြန့်ကြာမှုမရှိဘဲ အချိန်နှင့်တစ်ပြေးညီ သယ်ဆောင် နိုင်ရေး၊ မသမာသူများ၏ ဈေးတင်ရောင်ချမှုများကြောင့် ဆေးဝါးနှင့်အစားအစာများ ဈေးတက်လာမှု အခြေအနေများကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်၍ ထိန်းချုပ်နိုင်ရေး၊ ဆိုရှယ်မီဒီယာများတွင် မဟုတ်မမှန်သောသတင်းများ၊ အမှန်တကယ်ဖြစ်ပွားမှုထက် ပုံကြီးချဲ့ကား သတင်းထုတ်လွှင့်ပြီး လူထု အထိတ်တလန့်ဖြစ်စေနိုင်သည့် သတင်းများကို အချိန်နှင်တစ်ပြေးညီ သတင်းမှန်ပြန်ကြားပေးရေး၊ ကောလာဟလ သတင်းထုတ်လွှင့်မှုများကို ချေဖျက်နိုင်ရေးအတွက် ဆောင်ရွက်ကြရေး၊ နိုင်ငံတော်မှ ရောဂါထိန်းချုပ်နိုင်ရေး တစ်ဆက်တည်း ရုံးပိတ်ရက် ၉ ရက်သတ်မှတ်ပေးထားရာ Stay at Home သတ်မှတ်ချက်များနှင့်အညီ လိုက်နာကြရေး၊ Volunteer လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်နိုင်ရေး၊ လူထုအတွက် အသိပညာပေးကာလ ကျော်လွန်သွားပြီး ဖြစ်သဖြင့် ရောဂါကူးစက်မှုကို တိုးပွားလာစေမည့် အခြေအနေသက်ရောက်စေနိုင်သည့် လူစုလူဝေးများဖြင့် သွားလာခြင်း၊ ဆန္ဒပြခြင်း စသည့် အများပြည်သူလူထုကို ထိခိုက်စေနိုင်သော ကိစ္စရပ်များကို သတ်မှတ်ထားရှိသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ဒေသန္တရာညွှန်ကြားချက်များ နှင့်အညီ တိတိကျကျ အရေးယူနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြားဆွေးနွေးကြပါသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်လာကြသူများကမိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လက်တွေ့ကြုံကြိုက်နေသည့် အခက်အခဲ အခြေအနေမှန်များကို ပွင့်လင်းစွာတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကာ အစည်းအဝေးအား ညနေ ၅ နာရီ ၁၅ မိနစ် အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။