ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး နေပြည်တော် အောက်တိုဘာ ၇

Wednesday, October 7, 2026 - 12:00

 

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး

 

နေပြည်တော် အောက်တိုဘာ ၇

 

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေ ဖြင့် အလေးထားဆောင်ရွက်လျက်ရှိကာ ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်းလုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကိုဆောင်ရွက်လျက်ရှိရာ KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံ များအား အပိုင်း ၃ ပိုင်းခွဲ၍  စနစ်တကျဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီလ၉ ရက်တွင် ရာနှုန်းပြည့်ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။

အလားတူရွှေကုက္ကိုလ်နယ်မြေ အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများလုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံ ၁၄၀  လုံးအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ဆောင်ရွက်ခဲ့ရာ  ပထမပိုင်းအနေဖြင့် အဆောက်အအုံ ၇၇ လုံးအား ဇူလိုင် လ ၂၆ ရက်နေ့တွင် စနစ်တကျဖြိုချ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက် အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများ ဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံး နှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့်  အဆောက်အအုံ ၃၄ လုံး ဟူ၍ အဆောက်အအုံ အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျထပ်မံဖြိုချဖျက်ဆီးခြင်းများကို အောက်တိုဘာလ ၆ ရက် နေ့မှစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဖြိုချဖျက်ဆီးခြင်းများဆောင်ရွက်လျက်ရှိရာ ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးရမည့် အဆောက်အအုံများအနက် ၅ ထပ် အဆောက် အအုံ ၁ လုံးအား  ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ  ယနေ့အထိ ၄၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ၆ထပ် အဆောက်အအုံ ၁လုံးအားလည်း ယမ်းပြင်ယမ်းကပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း  လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့်အဆောက်အအုံများအား အမြန်ဆုံးဖြိုချဖျက်ဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (၁၀၀)