တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုဖြစ်ပွားခဲ့သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်
နေပြည်တော် အောက်တိုဘာ ၇
မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၂၆ ရက် ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အပြင် ထားဝယ် - လောင်းလုံး - ကျောက်နီမော် - ရှင်မော်လမ်းမကြီးပေါ်ရှိ နေရာအချို့တွင် ရေကျော်ခြင်း၊ မြေပြိုကျ၍ လမ်းပိတ်ခြင်းနှင့်လမ်းပေါ်ရှိ တံတားများတွင် အမှိုက်များပိတ်ဆို့ခြင်းများဖြစ်ပေါ်ခဲ့သည်။
အဆိုပါထားဝယ်-လောင်းလုံး-ကျောက်နီမော်-ရှင်မော်လမ်းမကြီးပေါ်ရှိပြိုကျ၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည့်နေရာများနှင့်သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာ၊ ရပ်ကွက်များတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်သော ကူညီကယ်ဆယ်ရေးများက လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ဆက်လက်ဆောင်ရွက်ပေးပြီး သောက်သုံးရေများ ဖြန့်ဝေပေးသည်။
ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက လောင်းလုံးမြို့နယ်ရှိ သဗျာ၊ ပညှင်း၊ညှင်းမှော်၊ ပြင်းထိန်၊ ပိန်းရှောင်နှင့် စန်းလှမ်းကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်နှင့်ဘုရားကြီးကျောင်းတိုက် တို့၌လည်း နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ မြစ်ရေပြန်လည်ကျဆင်းသွားပြီးနောက် တင်ကျန်ခဲ့သည့် နုန်းမြေများနှင့်အမှိုက်များ ဖယ်ရှားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။ထိုသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)
