တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော် အောက်တိုဘာ ၇
မြန်မာ့သမိုင်းစဉ်ကာလတစ်လျှောက်တွင် အစဉ်အလာကြီးမားခဲ့သည့် ရှေးခေတ် မြန်မာ့တပ်မတော်၏ ဆောင်ရွက်ချက်နှင့်အထွေထွေဗဟုသုတများကို လေ့လာနိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်၊ ကျောင်းပြင်ပဗဟုသုတများ ရရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင် ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျည်တောင်ကန်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး ပြင်ပပြကွက်များတွင် ခင်းကျင်း ပြသထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့်တပ်မတော်လေယာဉ်များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံ များ ရိုက်ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သည် မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။ ယင်းနောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများအား မုန့်များပေးဝေကြသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့်ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် ပြတိုက်အတွင်းရှိ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့်လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးပြခန်းများကို စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက်တာဝန်ရှိသူများက ပြန် လည်ဖြေကြားပေးကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအတွက် ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပပြုလုပ်ကာ ပြတိုက်တာဝန် ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထိုကဲ့သို့ လေ့လာရေးလာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
“နိုင်ငံရဲ့အရေးကြီးတဲ့ စစ်သမိုင်း တစ်လျှောက်လုံးကို ကလေးတွေ အကုန်လုံးသိအောင်၊ မြင်အောင်၊ နားလည်အောင်ဆိုပြီးတော့ စစ်သမိုင်းပြတိုက်ကနေပြီးတော့ သူတို့ ခေတ်အဆက်ဆက်က သုံးလာတဲ့ လက်နက်တို့၊ လေယာဉ်တို့၊ စစ်ပစ္စည်းတွေကိုလေ့လာရတဲ့အတွက် သူတို့အတွက် အများကြီးဗဟုသုတ ရရှိပါတယ်။ သူတို့အတွက်လည်း အများကြီးအကျိုးရှိမယ်လို့ထင်ပါတယ်။ အခုလိုလေ့လာခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော် အကြီးအကဲနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနကိုရော စစ်သမိုင်းပြတိုက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊ အကြပ်၊ စစ်သည်တွေ အားလုံးကိုလည်း ကျောင်းသားတွေကိုယ်စား ဗဟုသုတရရှိတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင့်”ဟုပြောသည်။
“ကျွန်တော် စစ်သမိုင်းပြတိုက်ကို လာရောက်တဲ့အခါမှာ တပ်မတော်မှာရှိတဲ့(ကြည်း၊ ရေ၊ လေ)ဌာနကြီးသုံးခုရဲ့ အရေးပါပုံတွေ၊ ဘယ်လိုတွေ ဆောင်ရွက်နေတယ်၊ ဘာတွေလုပ်နေတယ်၊ ရှေးခေတ် ကနေပြီးတော့ အခုလက်ရှိအထိ ဘယ်လိုတွေ ဆင့်ကဲပြောင်းလဲလာတယ်ဆိုတာတွေကိုလည်း သိရှိခဲ့ရပါတယ်ခင်ဗျာ။ ပြင်ပပြကွက်ဖြစ်တဲ့(ကြည်း၊ ရေ၊ လေ) ပြကွက်တွေကို ကြည့်ရှုပြီးပါပြီ။ အဲ့ဒီထဲမှာ ကျွန်တော်(ရေ)ပြကွက်ကို ပိုပြီးစိတ်ဝင်စားတယ်။ ကိုယ်တိုင်ကလည်း ရေကြောင်းနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားတဲ့သူဖြစ်တာကြောင့် (ရေ)ပြကွက်မှာ စိတ်ဝင်စားစွာပိုပြီးလေ့လာဖြစ်ခဲ့ပါတယ်ခင်ဗျာ။ ကျောင်းသားလူငယ်တွေကို ဒီလို စစ်သမိုင်းပြတိုက်ကြီးကို လာရောက်လေ့လာနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးတဲ့နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေ၊ စစ်သမိုင်းပြတိုက်မှာ တာဝန်ထမ်းဆောင်ပြီးတော့ ရှင်းပြပေးနေတဲ့ အရာရှိ၊ စစ်သည်တွေစိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးခဲ့တဲ့အတွက် တကယ့်ကို ကျေးဇူးတင်မိပါတယ်။ ရှင်းပြပေးတဲ့ အရာတွေက အခုလက်ရှိတင်မကဘဲ ကျွန်တော်တို့ နောင်လာမယ့် နိုင်ငံတော်ကြီးကို ပခုံးပြောင်း တာဝန်ထမ်းဆောင်တဲ့အခါမှာလည်း များစွာအထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ”ဟုပြောသည်။ (၁၀၀)



