ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေပြန်လည်ကျဆင်းသည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ နုန်းများ၊ အမှိုက်များဖယ်ရှားရှင်းလင်း နေပြည်တော်  အောက်တိုဘာ ၇

Wednesday, October 7, 2026 - 11:45

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေပြန်လည်ကျဆင်းသည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ နုန်းများ၊ အမှိုက်များဖယ်ရှားရှင်းလင်း

 

နေပြည်တော်  အောက်တိုဘာ ၇

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင်မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့်  ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း   ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး  ရေဝင်ရောက်မှုကြောင့် လေးမျက်နှာ မြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ  ရပ်ကွက် ၅ ခုနှင့်   ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများ  ဖြစ်ပွားခဲ့သည်။

အဆိုပါငဝန်မြစ်ရေသည် အောက်တိုဘာလ ၁ ရက်တွင် လေးမျက်နှာမြို့နယ်၌လည်းကောင်း၊ အောက်တိုဘာလ ၂ ရက်တွင် ကျောင်းကုန်းမြို့နယ်၌ လည်းကောင်း၊ အောက်တိုဘာလ ၅ ရက်တွင် ကျုံပျော်မြို့နယ်၌လည်းကောင်း၊ အောက်တိုဘာလ ၇ ရက်တွင် ငါးသိုင်းချောင်းမြို့နယ်၌ လည်းကောင်း ရေများပြန်လည် ကျဆင်းသွားခဲ့ပြီး ရေကြည်မြို့နယ်အတွင်း အနည်းငယ်သာကျန်ရှိကြောင်း သိရှိရသည်။

ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ရွာ၊  ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့်နုန်းများ၊ အမှိုက်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့်ဒေသခံတိုင်းရင်းသားပြည်သူများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိသည်။(၁၀၀)