၂၀၂၆ခုနှစ်တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများဆက်လက်ကျင်းပ၊ပြေးခုန်ပစ်ပြိုင်ပွဲတွင်စံချိန်သစ်များတင်နိုင်ခဲ့
နေပြည်တော် အောက်တိုဘာ ၇
တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကိုလက်ရွေးစင်အားကစားသမားများမှတစ်ဆင့်နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့်မြန်မာ့ လက်ရွေးစင်အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် နိုင်ငံတော်အားကစားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေ ရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းများနှင့် အားကစားရုံများတွင်ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
၂၀၂၆ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊ လေ)အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်းတပ်မတော် (ကြည်း၊ ရေ၊ လေ)ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင်ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ အမျိုးသား/အမျိုးသမီး ၂၀ ကီလို မီတာလမ်းလျှောက်ပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ-၁၅၀၀ ပြေးပြိုင်ပွဲလူရွေးပွဲ၊အမျိုးသား(၁၀)မျိုးစုံ (၁)မီတာ-၁၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ-၈၀၀ ပြေးပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုး သား (၁၀)မျိုးစုံ(၂)အလျားခုန်ပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ-၂၀၀ ပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသား(၁၀)မျိုးစုံ(၄)တန်းမြင့်ခုန်ပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ-၄၀၀ တန်းကျော်ပြေးပြိုင်ပွဲဗိုလ်လုပွဲ၊ အမျိုးသား (၁၀)မျိုးစုံ (၅)မီတာ-၄၀၀ ပြေးပြိုင်ပွဲ ဗိုလ်လု ပွဲကိုလည်းကောင်း၊ ဇေယျာသီရိ လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ အမျိုးသား (၁၀)မျိုးစုံ(၃)သံလုံးပစ်ပြိုင်ပွဲဗိုလ်လုပွဲကိုလည်းကောင်းအသီးသီးယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲ များအပြီးတွင် အောက်တိုဘာ ၅ ရက်နေ့နှင့် ၆ ရက်နေ့ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် အားကစားသမားများကို တာဝန်ရှိသူများကတစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆု နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။
၂၀၂၆ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြေးခုန်ပစ် ပြိုင်ပွဲတွင် ယခင်နှစ်စံချိန်များထက်အမျိုးသမီး(၇)မျိုးစုံ(၂)တန်းမြင့်ခုန်ပြိုင်ပွဲ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကိုယ်စားပြုအသင်းမှယဉ်ယဉ်စိုးသည် ၂၀၂၂ ခုနှစ်၊တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြေးခုန်ပစ်ပြိုင်ပွဲတွင်ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းမှနန်းဖြူပြာမြင့်၏စံချိန် ၁ ဒသမ ၅၈ မီတာကိုကျော်လွန်ပြီး၁ ဒသမ ၆၀ မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့သည့်အပြင် ၁၉၈၅ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသမီး(၇)မျိုးစုံပြိုင်ပွဲတွင်လည်းကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) အသင်းမှ ရာဒါဒေဝီ စံချိန်တင်ရရှိခဲ့သည့်အမှတ်ပေါင်း ၃၉၃၉ မှတ်အား ကျော်လွန်၍ ယဉ်ယဉ်စိုးက ရမှတ်ပေါင်း ၄၀၈၇ မှတ်ဖြင့် စံချိန်သစ်တင်နိုင်ခဲ့သည်။ အလားတူ အမျိုးသမီးကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင်ကမ်းရိုးဒေသ တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းမှသွယ်သွယ်မိုးသည်၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြေးခုန်ပစ်ပြိုင်ပွဲတွင်၎င်းစံချိန် တင်ထားသည့် ၄၇ဒသမ ၄၈ မီတာအား ကျော်လွန်၍ ၅၀ ဒသမ ၀၃ မီတာဖြင့် စံချိန်သစ်အားတင်နိုင်ခဲ့ကြောင်းသိရသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်းတပ်မတော် (ကြည်း၊ ရေ၊ လေ) ဂျူဒိုပြိုင်ပွဲကိုဇေယျာသီရိတပ်မတော်အားကစားရုံ(A)၌ အမျိုးသား/ အမျိုးသမီး ကီလိုတန်းအလိုက် အတိုက်ပြိုင်ပွဲများအသီးသီးယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့်အားကစားသမားများကိုတာဝန်ရှိသူများကတစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။ထို့ပြင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်းတပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ကိုဇေယျာသီရိ တပ်မတော် အားကစားရုံ(B)၌ အမျိုးသား / အမျိုးသမီးကွာတားအဆင့်ပတ်လည်ပြိုင်ပွဲများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကိုဇေယျာသီရိ တပ်မတော်အားကစားရုံ (C) ၌ အမျိုးသားဗန်တိုအတိုက်(က)တန်း၊ အမျိုးသားဗန်တိုအတိုက်(ခ) တန်း၊ ၅၅-၆၀ ကီလိုတန်း အမျိုးသမီးပန်ကြပ်ဆီလပ်အတိုက်ပြိုင်ပွဲ၊ ၄၅-၅၀ ကီလိုတန်း အမျိုးသမီးပန်ကြပ်ဆီလပ်အတိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသားဓားနှစ်လက် အတိုက်(က)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊အမျိုးသားဓားနှစ်လက် အတိုက်(ခ)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊အမျိုးသား ဓားတစ်လက် အတိုက်(က)တန်းအတိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များ၊အမျိုးသားဓားတစ်လက်အတိုက် (ခ)တန်းအတိုက်ပြိုင်ပွဲအကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသမီးဓားတစ်လက်အတိုက်ပြိုင်ပွဲများ၊ အမျိုးသားတစ်ကိုယ်တော်တုတ်ရှည်သိုင်းစွမ်းရည်ပြပြိုင်ပွဲများ၊ အမျိုးသမီး နှစ်ယောက်အတွဲတိုက် စွမ်းရည်ပြပြိုင်ပွဲများကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်းတပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ စံပယ်အားကစားရုံ၌ အလွတ်တန်း (၄)ယောက်တွဲ အဖွဲ့လိုက် အုပ်စုပွဲစဉ်များကိုလည်းကောင်း၊ (၅၆)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်းတပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲကိုနေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊တပ်နယ်အားကစားခန်းမ၌ကီလိုတန်းအလိုက်လူသစ်တန်း၊ အလွတ်တန်းနှင့် (က)အဆင့်အကြိုဗိုလ်လုပွဲစဉ်များကိုလည်းကောင်းအသီးသီး ယှဉ်ပြိုင် ကစားကြသည်။
ထို့အတူ၂၀၂၆ ခုနှစ်၊ (၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား အလွတ်တန်းအဆင့်ဘောလုံးပြိုင်ပွဲကိုညနေပိုင်းတွင်ဒုတိယအဆင့် အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင် ကစားကြရာ တစ်ဖက် (၂)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ဇေယျာသီရိလေ့ကျင့်ရေးကွင်း အမှတ်(၁)၌ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုအသင်းအား(၃)ဂိုး၊ (၁) ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ပြီး အောက်တိုဘာ ၁၀ ရက်နေ့တွင် ပထမအကြိုဗိုလ်လုပွဲအဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှုးရုံးအသင်းတို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်တွင် ဒုတိယအကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်း နှင့်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့သည် ဇေယျာသီရိတပ်မတော်အားကစားကွင်းတွင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအားကစားပြိုင်ပွဲများသို့ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီး များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ပြိုင်ပွဲဝင်အားကစားသမားများနှင့်အားကစားဝါသနာရှင်များတက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းသတင်းရရှိသည်။(၁၀၀)






















